တောက်ပတဲ့ အနာဂတ်တခုကို ဖော်ဆောင်ပေးခြင်း

လုံ့လဝေ (မော်ကျွန်း)

စစ်တပ်အုပ်စိုးမှုနဲ့ လူနည်းစုတိုင်းရင်းသား လူမျိုးတွေကြား ပဋိပက္ခတွေကြောင့် ၁၉၈၄ ခုနှစ်ကတည်းက လူဦးရေ ၁၅ဝဝဝဝ ထက် မနည်းဟာ မြန်မာပြည်ကနေ ထိုင်းနိုင်ငံဘက်ဆီ ထွက်ပြေး တိမ်းရှောင် ခဲ့ရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ဒုက္ခသည်စခန်းပေါင်း ၉ ခုရှိခဲ့ပြီး ဒုက္ခသည်တွေဟာ ကန့်သတ်ပိတ်ပင်ချက် စည်းမျဉ်းဥပဒေတွေနဲ့ ဘဝကို ရုန်းကန်ရင်း ရပ်တည်လာခဲ့ရပါတယ်။ ဒုက္ခသည် စခန်းတွေထဲမှာ မြန်မာပြည်သူတွေဟာ ဖိစီးမှုနဲ့ အတူနေထိုင်ရင်း နေ့စဉ်ဘဝတွေကို ဖြတ်သန်းလာခဲ့ရတာ အခုဆိုရင် နှစ်ပေါင်း ၂၅ နှစ်ကျော်ခဲ့ပါပြီ။

ဒုက္ခသည်အများစုဟာ စခန်းတွေထဲမှာ အခက်အခဲ၊ အကျပ်အတည်းမျိုးစုံရဲ့ ဖိစီးမှုဒဏ်ကို ခါးစည်းခံကြရင်း အမိမြန်မာပြည် တည်ငြိမ်အေးချမ်းမှုရှိတဲ့အခါ ပြန်ပြီး အခြေချနိုင်ဖို့ အရေး မျှော်လင့်နေပါတယ်။ ဒုက္ခသည် စခန်းအတွင်းမှာ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတွေ ကွဲပြားမှု ရှိနေပေမယ့် စခန်းတွေထဲ ထပ်ထူ ကျတဲ့ ဆင်းရဲဒုက္ခတွေကို တွေ့ကြုံခံစားနေကြရပါတယ်။

ဒုက္ခသည်စခန်းတွေကို အလှူရှင်အဖွဲ့အစည်းတွေကပေးတဲ့ ရိက္ခာတွေနဲ့ပဲ ဆင်းရဲချို့တဲ့စွာ ရပ်တည် နေကြရပြီး အနာဂတ်အတွက် ရေရာသေချာတဲ့ ဘဝတခု ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း နည်းကြပါတယ်။ ကိုယ့်မိသားစုဘဝကို ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်ဖို့ မဖြစ်နိုင်ကြပါ။ ဒုက္ခသည်စခန်းထဲမှာပဲ စခန်းစည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေနဲ့ နေကြရတယ်။ စခန်းတွင်းမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေဟာ စခန်းပြင်ထွက်ပြီး အလုပ်လုပ်ပိုင်ခွင့် မရှိကြသလို စခန်းပြင်ပကိုလည်း လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်မရကြပေ။

ကိုယ့်ကလေးငယ်တွေ ပညာသင်ကြားနိုင်ရေးအတွက် မျှော်လင့်နိုင်စွမ်းမရှိဘဲ ဖြစ်ခဲ့ကြတယ်။  ကျာင်းစရိတ်၊ စာအုပ်ဖိုး ဒါမှမဟုတ် ကျောင်းဝတ်စုံနဲ့ အခြား ပညာရေး ဆိုင်ရာ ကုန်ကျ စရိတ်တွေအတွက် ငွေကြေး မတတ်နိုင်လို့ ကလေးငယ်တွေ စာသင်ကျောင်းနဲ့ ဝေးခဲ့ကြရသလို၊ တချို့ကလေးငယ်တွေဆိုရင် မိသားစု စားဝတ်နေရေးအတွက် လုံလောက်တဲ့ ငွေရဖို့ အလုပ်ခိုင်းစေတာကို ခံခဲ့ကြရတယ်။ တချို့ကလေးငယ်တွေ အနေနဲ့ ငယ်ရွယ်တဲ့ ညီငယ်ညီမငယ်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့နဲ့ အိမ်မှုကိစ္စတွေကို ဝိုင်းကူပေးနိုင်ဖို့ စာသင်ကျောင်းနဲ့ ဝေးနေကြရတဲ့ အဖြစ်တွေလည်း ရှိခဲ့ကြတယ်။

ပညာရေးဟာ လူတွေရဲ့ အခြေခံဖြစ်တဲ့ အခွင့်အရေးတခု ဖြစ်တယ်။ ပညာရေးဟာ လူတွေရဲ့ ဘဝအတွက် အလုပ်တခု ရဖို့နဲ့ ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ဖို့၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အထောက်အကူ ပြုစေတယ်။ ဒါကြောင့် အနာဂတ်ကို ဦးဆောင်ကြမယ့် ကလေးလူငယ်တွေအတွက် ပညာသင်ကြားနိုင်ရေးဟာ အလွန်ပဲ အရေးကြီးလှတယ်။

ကလေးငယ်တွေဟာ ပင်ကိုယ်ဥာဏ်ရည်၊ ဥာဏ်သွေး ရှိလာကြသူတွေ ဖြစ်တယ်။ အခွင့်အလမ်း ပေါ်ပေါက်လာဖို့ အတွက်သာ လိုအပ်တယ်။ အများစုဟာ သိချင်တတ်ချင်တဲ့၊ နိုးနိုးကြားကြား ရှိချင်တဲ့၊ ကိုယ့်အားကိုယ်ကိုးချင်တဲ့ အခြေခံစိတ်ေ လးတွေနဲ့ မွေးဖွားလာသူတွေ ဖြစ်တယ်။ ကလေးငယ်တွေအတွက် ကြီးထွားလာဖို့၊ တိုးတက် လာဖို့၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိလာစေဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ပဲ လိုတယ်။

ကလေးလူငယ်တွေဟာ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ရပ်တည်ဖို့ လိုအပ်တယ်။ ကိုယ့်အစွမ်းအစနဲ့ ရပ်တည်ဖို့ ကြိုးစားတာဟာ သူ့ရဲ့ အနာဂတ်ဘဝ လုံခြုံရေးနဲ့ စီးပွားရေးအတွက် အာမခံပေးနိုင်တဲ့ အကြောင်းတွေ ဖြစ်တာကြောင့် ကိုယ့်အစွမ်းအစနဲ့ ရပ်တည်နိုင်ဖို့ အားပေးအားမြှောက်ပြုသင့်တယ်လို့ ရှေးပညာရှိတွေက ဆိုတယ်။

၁၉၉၇ ခုနှစ်ထဲမှ ထိုင်းအစိုးရဟာ ဒုက္ခသည်စခန်းတွေထဲ ပညာရေးအထောက်အကူပြု လုပ်ငန်းတွေကို တရားဝင် အတည်ပြုပေးပြီးနောက် ဒုက္ခသည်ကလေးငယ်တွေအတွက် ပညာရေး အထောက်အကူပြု လုပ်ငန်းတွေ တိုးပွားလာခဲ့တယ်။ အစိုးရမဟုတ်တဲ့ (NGO) အဖွဲ့တွေလည်း အများအပြား ဝင်ရောက်ကူညီလာကြတယ်။ ဒီလိုပါပဲ မြန်မာပြည်အရပ်ရပ်က တိုင်းရင်းသား လူမျိုးပေါင်းစုံဟာလည်း ဒုက္ခသည်စခန်းတွေထဲကို အမြဲမပြတ် ဝင်ရောက် ခိုလှုံနေကြတယ်။

တိုင်းရင်းသားလူမျိုး စုံလင်လာတာနဲ့အမျှ ရိုးရာယဉ်ကျေးမှု ကိုယ်ပိုင်လက္ခဏာတွေလည်း စုံစုံလင်လင် ရှိလာကြတယ်။ လူမျိုးစုတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု လက္ခဏာတွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ အလွန်ပဲ အရေးကြီးတယ်။

အခုအခါ ဒုက္ခသည်စခန်းတွေထဲမှာ တိုင်းရင်းသား လူမျိုးစုတိုင်းရဲ့ ထင်ရှားတဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရင်း အနာဂတ်မျိုးဆက် သစ်တွေကိုလည်း လက်ဆင့်ကမ်း သယ်ဆောင်နိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးထားနိုင်ဖို့ ကြိုးစားနေကြတာကို တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်ကလေးတွေ ရိုးရာယဉ်ကျေးမှု ပွဲတော်ကို ဒီလ ၅ ရက်နေ့မှာ စည်စည်ကားကား ကျင်းပနိုင်ခဲ့ကြတယ်။ တိုင်းရင်းသား လူမျိုးတွေဟာ ယဉ်ကျေးမှု ဆိုင်ရာ နှီးနှောဖလှယ်ရေး အစီအစဉ်နဲ့ အပြန်အလှန် နားလည်မှုတွေ တိုးတက်ကောင်းမွန် လာဖို့နဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေ၊ မိမိတို့လူမျိုးတွေရဲ့ ကိုယ်ပိုင်နောက်ခံသမိုင်းတွေကို ဂုဏ်ယူဝင့်ကြွားစွာ ဖလှယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့ကြတယ်။

ဒုက္ခသည်ကလေးတွေ ရိုးရာယဉ်ကျေးမှုပွဲတော်ကို Shanti Volunteer Association (SAV) အဖွဲ့အစည်းက ကူညီထောက်ပံ့ပေးခဲ့ပြီး စခန်းထဲမှာရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေက ပူးပေါင်း ပါဝင်ဆင်နွဲခဲ့ကြတယ်။

SAV အဖွဲ့အစည်းဟာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတခုဖြစ်ပြီး ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကွင်းဆင်းလုပ်ငန်းတွေကို အဓိကအားဖြင့် ထိုင်း၊ သီရိလင်္ကာနဲ့ လာအိုနိုင်ငံမှာ လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းပါ။ ဂျပန်မှာ တရားဝင် လူထုအဖွဲ့အစည်းအဖြစ် ဂျပန်နိုင်ငံခြားရေးရာ ဝန်ကြီးရဲ့ ထောက်ခံချက်နဲ့ တရားဝင် အသိအမှတ်ပြုခံရတဲ့ အဖွဲ့တခုလည်း ဖြစ်တယ်။

Shanti ရဲ့ အဓိပ္ပာယ်ဟာ ငြိမ်းချမ်းရေး ဒါမှမဟုတ် ငြိမ်သက်ခြင်းဖြစ်ပြီး တကမ္ဘာလုံးရှိ လူသား အားလုံးရဲ့ ရင်ထဲမှာ ငြိမ်းချမ်းရေးနဲ့အတူ ပြည်ဝစေရေးဟာ ကျနော်တို့ရဲ့ တောင့်တမှု ဖြစ်တယ်လို့ အဖွဲ့ကြော်ငြာစာမှာ ဆိုထားတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့က ကစားနည်းများကို အစမ်းလေ့ကျင့်နေသည့် ဒုက္ခသည် ကလေးငယ်များ ဒုက္ခသည်ကလေးတွေ ရိုးရာယဉ်ကျေးမှုပွဲတော်ကို စခန်းထဲရှိ တိုင်းရင်းသား၊ လူမျိုးစုအသီးသီးမှ ကိုယ်စားလှယ် ကလေးလူငယ် ၁၈ ယောက်စီ ဖိတ်ခေါ်ပြီး အုပ်ထိန်းသူ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် လူကြီး ၂ ယောက်စီလည်း ပါဝင်ရတယ်။

မနက်ပိုင်းမှာ ကစားနည်းတွေနဲ့ တိုင်းရင်းသား ကလေးငယ်ပေါင်း  စုံ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်ဖို့ စီစဉ်ခဲ့ကြတယ်။ မတူကွဲပြားကြတဲ့ တိုင်းရင်းသား ကလေး လူငယ်တွေ အားလုံးကို တယောက်နဲ့တယောက် အပြန်အလှန် နားလည်မှုရှိရှိနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်ပေါ်လာစေဖို့ အဓိကထားသလို၊ ဥာဏ်ရည်ဥာဏ်သွေး ထက်မြန်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ခဲ့တာလို့ ပါဝင်ဆောင်ရွက်သူ တိုင်းရင်းသားတယောက်က ပြောတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်ဖြစ်ခဲ့သူ ကိုအောင်ဇော်ရှားကလည်း ”ရည်ရွယ်ချက်ကောင်းတယ်။ လုပ်ပုံလုပ်နည်းတွေလည်း စနစ်ကျတယ်။ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်း၊ ရှမ်း စတဲ့ လူမျိုးပေါင်းစုံပါတယ်။ အားကစားပြိုင်ပွဲတွေလည်း ပါတယ်ပေါ့ဗျာ။ တိုင်းရင်းသား ပေါင်းစုံဗျ။ စုံတဲ့အပြင်ကို အဲဒီကလေးတွေက ၁၅ နှစ်အောက်ဆိုတော့ တချို့လူမျိုးစုထဲမှာလည်း ကလေးတွေက တော်တော် ငယ်ငယ်လေးတွေ ပါတယ်။ တချို့ လူမျိုးစုတွေကျတော့ ခပ်ကြီးကြီးတွေပေါ့ဗျာ။ အဲဒီတော့ အားကစားပြိုင်ပွဲတွေမှာ လူမျိုးစုအလိုက် ပြိုင်ကြဟေ့ဆိုရင် လူကောင်ကြီးကြီးတွေပါတဲ့ လူမျိုးစုတွေပဲနိုင်မှာပေါ့ဗျ”

”ဒါပေမဲ့ ဦးဆောင်လုပ်တဲ့လူတွေက လူမျိုးစု ကိုယ်စားလှယ် ကလေးအားလုံးကို ပေါင်းလိုက်တယ်။ သူတို့တွေကို လူမျိုးစု အသင်းလိုက် မစုစေတော့ဘူးပေါ့ဗျာ။ ရွယ်တူချင်းမျှပြီးတော့ အသင်းခွဲလိုက်တယ်ဗျာ။ ပြီးမှ အဲဒီအသင်းလိုက်ကို ပြိုင်ခိုင်းတာပေါ့။ အသင်းတသင်းမှာက လူမျိုးစုတစုထဲ မဟုတ်တော့ဘူး၊ လူမျိုးစုံ ပါဝင်သွားတယ်။ ရွယ်တူလိုက်ပြိုင်ရတာဆိုတော့ မျှတမှုရှိတယ်လို့ ဆိုနိုင်တယ်။ ပြီးတော့ ပေါင်းစည်းမှုကိုလည်း ဖြစ်စေတယ်ဗျာ။ သူ့လူမျိုး၊ ငါ့လူမျိုးဆိုတဲ့ အမြင်တွေ မရှိတော့ဘူးပေါ့။ ဖက်ဒရယ်ဆိုတာ အဲဒါပဲလို့ ကျနော် နားလည်တယ်။ အားလုံး တန်းတူအခွင့်အရေးပေါ့။ သူ့လူမျိုးက အားကြီးတယ်၊ လူကောင်ကြီးတယ်၊ နယ်ပယ်ကျယ်ဝန်းတယ် ဆိုတာတွေ မရှိစေဘဲ လူဆိုတာကို လူလို့ပဲမြင်အောင် ဖန်တီးပေးလိုက်တာပဲ”

၅ ရက်နေ့ ညပိုင်းမှာ တိုင်းရင်းသားလူမျိုးစု အသီးသီးကနေ ကိုယ်စားလှယ် ကလေးငယ်တွေက ရိုးရာယဉ်ကျေးမှု အကအလှတွေနဲ့ ကပြဖျော်ဖြေခဲ့ကြတယ်။

ရှေးအစဉ်အဆက်ကတည်းက ဗမာတို့ဟာ ကောက်ရိတ်သိမ်းပွဲ၊ အလှူပွဲ၊ ကထိန်ပွဲတွေမှာ ပျော်ရွှင်မှုအရ တင်ဆက်ဖျော်ဖြေခဲ့တာ ဒီကနေ့အထိ ထိန်းသိမ်းခဲ့ကြတဲ့ ဦးရွှေရိုး-ဒေါ်မိုးအကကို ဗမာအမျိုးသားအသင်းကနေ မျိုးဆက်သစ် လူငယ်လေးတွေက တင်ဆက်ကပြခဲ့ကြတယ်။

ကရင်အမျိုးသား လူငယ်လေးတွေကလည်း ကရင့်ရိုးရာ ဒုံးယိမ်းအကနဲ့ ကပြခဲ့ကြတယ်။ ကရင်တမျိုးသားလုံးရဲ့ စည်းလုံးခြင်း၊ ပင်ကိုယ်စိတ်ဓာတ်ရေးရာနဲ့ ပြည့်ဝတဲ့ ပျော်ရွှင်မှုရှိခြင်း စတဲ့ သင်္ကေတတွေကို သရုပ်ဖော်ထုတ်ပြတဲ့ ရိုးရာအကလည်းဖြစ်၊ ကရင်တမျိုးသားလုံးက ဒီနေ့အထိ အမြတ်တနိုး ထိန်းသိမ်းလာခဲ့တဲ့ ရိုးရာအကတခုလည်းဖြစ်တယ်လို့ ဆိုတယ်။

ရှမ်းတိုင်းရင်းသားတွေကလည်း ရှေးကတည်းက တည်ရှိလာခဲ့တဲ့ အမိရှမ်းပြည် အိုးစည်ဗုံမောင်းသံတွေနဲ့ အေးချမ်းစွာ ပျော်ရွှင်ခဲ့တဲ့အကြောင်း ပြောနေသလို အောင်လံတံခွန်လွှင့်ထူလို့ သာသနာရောင်ဝါ ယနေ့တိုင် ထွန်းလင်းတောက်ပြောင်လျက်ပါ။ တကွဲတပြားစီ ဝေးကွာသွားတဲ့ တို့မျိုးနွယ်တွေကို သတိရဆဲပါ၊ နေရာဒေသ ဝတ်စားဆင်ယင်ထုံးဖွဲမှုနဲ့ စကားသံ အနည်းငယ်စီ ကွဲပြားတာတွေရှိပေမယ့် တို့သွေးရင်းချာတွေမို့ မပစ်ပယ်ကြစေချင်ပါ။ အမျိုးနွယ်တူ လူသားတွေပဲ၊ အေးအတူပူအမျှ အမြဲစည်းလုံးညီညွတ်ကြပါစို့ဆိုတဲ့ စိတ်ခံစားမှုတွေကို အခြေခံပြီး ရှမ်းရိုးရာ သီချင်းနဲ့ ရှမ်းရိုးရာ အကအလှတွေကို မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ကပြဖျော်ဖြေခဲ့ကြတယ်။

ချင်းရိုးရာ ကောက်သစ်ရိတ်သိမ်းပွဲနဲ့ ရိုးရာဓလေ့ တေးသရုပ်ဖော်ကိုလည်း ချင်းတိုင်းရင်းသား မျိုးဆက်သစ် လူငယ်လေးတွေက တင်ဆက်ခဲ့ကြသေးတယ်။

မွန်အမျိုးသား လူငယ်လေးတွေကလည်း လယ်သမားအကနဲ့ လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ လယ်သမားတွေကို ဂုဏ်ပြုခြင်းအားဖြင့် တင်ဆက်ကပြခဲ့ကြတယ်။

ရခိုင်ဆိုတာ အမျိုးသီလကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး မြတ်တဲ့အကျင့်နဲ့ ခရီိးဆက်လာခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ မဟာနွယ်အကကို တက်ဆက်ကပြခဲ့ကြတယ်။

တန်ဖိုးကြီးလှတဲ့ကချင်မြေ၊သဘာဝသားရဲတိရစ္ဆာန်တွေ ပေါများတယ်။ ကျောက်မျက်ရတနာတွေလည်း ထွက်တယ်။  တောင်တန်းတွေထဲက လေကောင်းလေသန့်တွေကို ရှူရှိုက်လို့ ရနိုင်တယ်။ ဒါကြောင့် တို့နယ်မြေကို လာလည်ပါ။ သီးနှံတွေမျိုးစုံ ကြွယ်ဝတဲ့ အလျောက် မြေဆီလွှာတွေ၊ ကောင်းမွန်တဲ့ တောင်စွယ်တွေပေါပြီး ကျေးငှက်တေးသံမျိုးစုံ သီကျူးရာ ဒေသဝန်းကျင်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ ကချင့်ရိုးရာ အကအလှတွေကို တင်ဆက်ဖျော်ဖြေခဲ့ကြတယ်။

အစ္စလာမ်၊ ထားဝယ်၊ ပအိုဝ့် စတဲ့ လူမျိုးစုတွေကလည်း ရိုးရာယဉ်ကျေးမှု တေးသံသာတွေ၊ ရိုးရာအကတွေနဲ့ တင်ဆက်ဖျော်ဖြေခဲ့ပါသေးတယ်။

ပွဲတော် နောက်ဆုံးအစီအစဉ်မှာတော့ ဒို့ချစ်တဲ့ကမ္ဘာဆိုတဲ့ သီချင်းကို သံပြိုင်သီဆိုဟစ်ကြွေးရင်း တိုင်းရင်းသား ကိုယ်စားလှယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုကို ရယူနိုင်ခဲ့ကြတယ်။
‘‘အခုလိုပွဲတော်လေးကို ကြုံရတော့ မိခင်တယောက်အနေနဲ့ အရမ်းပျော်တာပဲ။ ကျမသားလည်း ပါရတယ်လေ။ ဘာပဲဖြစ်ဖြစ် ကလေးတွေအတွက် အနာဂတ်ကတော့ ကောင်းမယ်လို့ ထင်တယ်။ ဒီလိုပွဲတွေ ကျင်းပခြင်းအားဖြင့် ကလေးတွေအချင်းချင်း အပြန်အလှန် နားလည်မှု ရှိလာမယ်” လို့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးကြီး တယောက်က ပြောပါတယ်။

သူက ”စင်ပေါ်မှာတက်ပြီး သီချင်းဆိုတယ်၊ ကိုယ့်ရိုးရာဓလေ့ကို အကလေးတွေနဲ့ ဖော်ပြရတယ်ဆိုတော့ ကလေးတွေအနေနဲ့ ကိုယ့်ယ်ကို ယုံကြည်မှု ပိုရှိလာမယ်။ လူတောတိုးရဲလာမယ်ပေါ့။ ပြီးတော့လည်း ကိုယ့်ဘိုးဘွားတွေ အဆက်ဆက်က ရိုးရာယဉ်ကျေးမှု အမွေတွေရဲ့ တန်ဖိုးတွေကို နာလည်းသိမြင်လာပြီး ထိန်းသိမ်းရမှန်း၊ အခွင့်အခါသင့်ရင် ထုတ်ဖော်ရမှန်း သိတတ်လာမယ်ပေါ့” လို့ ဆိုပါတယ်။

ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ၈ နှစ်တာ သက်တမ်းကို အကျဉ်းစံရင်း ကျော်ဖြတ်ခဲ့ရတဲ့ ပန်းချီဆရာ ဦးနေဦးကတော့ ”‘camp (ဒုက္ခသည်စခန်း) ဆိုတာ သာမန်လူတွေနဲ့ တန်းတူအခွင့်အရေးရှိတဲ့ နေရာမဟုတ်ဘူး။ ဒီထဲမှာ နေရတဲ့လူတွေဟာ ဘာပဲဖြစ်ဖြစ် ကိုယ့်ဂုဏ်သိက္ခာနဲ့ လဲလှယ်ပြီး နေနေရတာ။ နိမ့်ပါးနေတဲ့ လူတွေပဲလို့ ကျနော်မြင်တယ်။ အဲလိုလူတွေကြားထဲမှာ ပျော်ပွဲရွှင်ပွဲအနေနဲ့ပဲဖြစ်စေပေါ့ဗျာ၊ စုစုစည်းစည်းနဲ့ စုပေါင်းလုပ်နိုင်တဲ့အတွက် ကောင်းတာပေါ့။ တခြား လူသာမန်ပြည်သူတွေလို ကိုယ့်မြေကိုယ့်ရေမှာ မနေနိုင်ဘဲ၊ ကိုယ်နိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံမှာ လာခိုလှုံနေထိုင်ရတယ်ဗျာ။ ဒီမှာ လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်လို့ မရဘူး။ အဲလိုမရတဲ့ အခြေအနေမှာ ဒီလိုပွဲတွေ ကျင်းပပေးတယ်။ တယောက်နဲ့တယောက်၊ လူမျိုးစုတစုနဲ့တစု ရင်းနှီးမှုရအောင် လုပ်ကိုင်ပေးတယ်။ ဒါကောင်းတာပေါ့ဗျ။ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ရင် ပိုကောင်းမယ်” လို့ ပြောခဲ့တယ်။

မျိုးဆက်သစ် လူငယ်လေးတွေကို ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲတွေ ပြုလုပ်ပေးခြင်း၊ တိုင်းရင်းသား အချင်းချင်း အပြန်အလှန် နားလည်မှုရှိပြီး ပူးပေါင်းဆောင်ရွတ်တက်တဲ့ အလေ့အထကောင်းတွေကို ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ပြည်ထောင်စုကြီးမှာ စည်းလုံးညီညွတ်စွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်အောင် အားထုတ်ကြတဲ့အခါ တစုံတခု အကျိုးရလဒ်ကောင်းလေးတွေ ဖြစ်နိုင်ပါစေကြောင်း စေတနာကောင်းနဲ့ မျှဝေခံစားလိုက်ပါတယ်။

Posted on March 18, 2011, in ဆောင်းပါးကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: