မလေးရှားရှိ UNHCR က မြန်မာလူမျိုး အချင်းအချင်းကို သွေးခွဲနေ

“Everyone that needs to be protected, should be protected” “ကာကွယ် စောင့်ရှောက်မှုခံယူဖို့ လိုအပ်တဲ့ လူသား တိုင်းကို ကာကွယ်စောင့်ရှောက်မှု ပေးရလိမ့်မယ်”လို့ လက်ရှိ ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး (UNHCR) ပေါ်တူဂီ ၀န်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတား (Antonio Guterres)  က ပြောခဲ့ပါတယ်။

အင်မတန်ကောင်းမွန်တဲ့၊ မွန်မြတ်တဲ့ UNHCR အဖွဲ့ကြီး၏ ခေါင်းဆောင်ကြီး တစ်ဦး၏ လူသားဆန်သော အတွေးအခေါ်နှင့် ခံယူချက် ဖြစ်ပါတယ်။ UNHCR မဟာမင်းကြီးကဲ့သို့ ကျန်သော အရာရှိ၊ အရာထမ်း၊ ၀န်ထမ်း အားလုံးလည်း တွေးခေါ်ခံစားပြီး လက်တွေ့ ကျင့်ကြံပြီး လူသားအ ကျိုးကို ဆောင်ရွက်ကြလျှင် အလွန်ပင် ကောင်းမွန်မည် ဖြစ်ပါသည်။

မလေးရှားနိုင်ငံရှိ UNHCR ၏ အချို့သော တာဝန်ရှိသူများ၊ အရာရှိများနှင့်ဝန်ထမ်းများတွင် မတရား သော လုပ်ရပ်များ၊ ယုတ္တိမတန်သော အတွေးအခေါ်နှင့် အမြင်များကို တွေ့နေရပါသည်။ မလေးရှား နိုင်ငံရှိ UNHCR ရုံးမှ အရာရှိ တစ်ချို့တို့သည် မြန်မာနိုင်ငံရေး သမိုင်းနှင့် ပဋိပက္ခ သဘောတရားများ၊ နိုင်ငံရေး ပထ၀ီသမိုင်းကြောင်းနှင့် လူမှုဘ၀များကို ကောင်းကောင်း သဘောပေါက် နားလည်ခြင်း မရှိကြောင်း တွေ့ရပါသည်။ သူတို့ သည် ဗမာနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗမာလူမျိုး၊ ဗမာ စစ်တပ်တို့ ကြားရှိ ကွဲပြားမှုနှင့် အသုံးအနှုန်း တို့တွင် ရှုပ်ထွေးပြီး ကောင်းစွာ သဘောပေါက်ခြင်း မရှိကြောင်း တွေ့ရပါသည်။

ထို့ကြောင့်သာ တစ်ချို့သော UNHCR အရာရှိများက ဗမာများ အနေနဲ့ အချိန်မရွေး ပြန်လို့ရနိုင်ကြောင်း အဘယ်ကြောင့် ဆိုသော် အစိုးရက ဗမာဖြစ်သည့် အတွက် ဗမာများကို မနှိပ်စက်ဘူးဟု အင်တာဗျူးများတွင် ပြောဆိုကြောင်းကို ကိုယ်တွေ့ ကြုံခဲ့သူများက လာရောက် ပြောကြားကြသည်။

ထို့ပြင် တိုင်းရင်းသား လူနည်းစုများကို ဗမာများက နှိပ်စက်သောကြောင့် တိုင်းရင်းသား လူနည်းစုများကို ပိုမို စောင့်ရှောက် ပေးသင့်သည်ဟု ယူဆ နေကြပါတယ်။ ယင်းသို့ တွေးမြင်နေခြင်းသည် UNHCR အရှာရှိ တစ်ချို့ ၏ ခွဲခြား ဆက်ဆံမှု ( Discrimination ) ပြစ်မှုနှင့် မတရားသော ဆုံးဖြတ်ချက် ဖြစ်ပါသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် ၁၄(က)ပါ

“မတရား အပြစ်ပေးခံရ တော့မည်ဆိုပါက လူသားတိုင်းသည် တခြား နိုင်ငံများတွင် ခိုလှုံခွင့် တောင်းခံနိုင်သည် ”

ဟူသော အချက်ကို လည်း ချိုးဖောက်ရာ ကြပါသည်။

ယခုမြန်မာနိုင်ငံတွင် အာဏာ သိမ်းထားသူများမှာ စစ်အာဏာရှင်များ ဖြစ်တယ် ဆိုတာ UN အပါအ၀င် တကမ္ဘာလုံးအသိဖြစ်ပါတယ်။ စစ်အာဏာရှင်များ၏ စရိုက် လက္ခဏာ အရ သူတို့ဟာ ဘာသာလဲမရှိပါ၊ လူမျိုးလဲ မရှိပါ၊ သူတို့အတွက် အာဏာတည်မြဲရေးသာလျှင် အဓိကပါ။ စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှု များကိုလည်း UN အပါအ၀င် ကမ္ဘာ့ အသိုင်းအ၀ိုင်းက ရှုံ့ချ ပြစ်တင် ထောက်ပြ နေသည်မှာလည်း နှစ်ပေါင်းအ တော်ကြာပြီ ဖြစ်ပါသည်။

မလေးရှား UNHCR မှ အရာရှိ အချို့ထင်သလို မြန်မာနိုင်ငံတွင် ဗမာများက အများစုဖြစ်ပြီး အာဏာရှင် များက ဗမာများကို မနှိပ်စက်ဘူး ဆိုသော ထင်မြင်ချက်သည် အလွန်ပင် လက်တွေ့နှင့် ကင်းကွာနေပါသည်။ အနီးစပ်ဆုံး ပြရလျှင် စစ်အာဏာရှင်တို့သည် ၂၀၀၃ ဒီပဲယင်း လုပ်ကြံမှုကြီးကို ကျူးလွန်ခဲ့သည်။ ၂၀၀၇ တွင် လည်း ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းနေသော ရဟန်း သံဃာများ အပါအ၀င် ကျောင်းသားနှင့် လူထုကို ရက်ရက် စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ၂၀၀၇ စက်တင်ဘာလတွင်ပင် မြန်မာနိုင်ငံရှိ ဒေသ အသီးသီးမှ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီး ကျောင်းများကို စီးနင်း ၀င်ရောက်ပြီး အကြမ်းဖက်ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချခဲ့သည်။ ဗုဒ္ဓ ရုပ်ပွား ဆင်းတုတောင်များကိုလည်း ခေါင်းဖြတ်ပြီး ဖျက်ဆီးခဲ့ပါသည်။

အခြားထင်ရှားတဲ့ စစ်အာဏာရှင်များရဲ့ စရိုက်ကတော့ ၂၀၀၈ မေလမှာ ဖြစ်ခဲ့တဲ့ နာဂစ် ( Nargis ) ဆိုင်ကလုန်း ကာလတုန်း ကပါဘဲ။ လူသိန်းနဲ့ချီ သေကြေပြီး အိုးအိမ်ပေါင်း ထောင်ပေါင်း များစွာ ဆုံးရှုံးခဲ့ရပါသည်။ ဒါပေမယ့် ပြည်သူအကျိုးကိုမကြည့်၊ ပြည်သူကို စာနာ သနားမှု မရှိသော စစ်အာဏာရှင်များဟာ နိုင်ငံတကာ အကူအညီတွေကို နည်းအမျိုးမျိုးဖြင့် တားမြစ် ပိတ်ပင် ကန့်သတ်ခဲ့ကြပါသည်။ ယခုလို လူ့အခွင့်အရေး အပါအ၀င် စစ်ရာဇ၀တ်မှု အမျိုးမျိုးကို ကျူးလွန် နေကြသည်ကို ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက အမြဲကြားသိ နေကြပါသည်။

မြန်မာ့နိုင်ငံရေး ဘယ်လောက် အရေးပါတယ်၊ မြန်မာ့ပြည်တွင်းရေး ဘယ်လောက် ရှုပ်ထွေးတယ်၊ မြန်မာ စစ်အာဏာရှင်းတွေ ဘယ်လောက် ရက်စက် ယုတ်မာတယ် ဆိုတာ UN အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် လုံခြုံးရေး ၀န်ထမ်း အထိ အားလုံး အသိပင်ဖြစ်ပါသည်။ ယခုလို စစ်အာဏာရှင်များ၏ စစ်ဖိနပ်အောက်၊ ယမ်းငွေ့ မပြယ်တဲ့ သေနတ် ပြောင်းအောက် ခက်ခက်ခဲခဲ နေထိုင်ရသော မြန်မာနိုင်ငံသား အားလုံးကို စာနာ နားလည်မှု မပေးနိုင်သော မလေးရှား UNHCR အရာရှိ တစ်ချို့ အတွက် ၀မ်းနည်း မိပါသည်။ သူတို့၏ လုပ်ရပ်သည် UNHCR ၏ ဂုဏ်သိက္ခာနှင့် ကမ္ဘာ့ ပြည်သူတို့၏ ယုံကြည်အားကိုးမှုကိုပါ ထိခိုက်စေသည်ကို သတိ မူသင့်ပါသည်။

UNHCR က ဒုက္ခသည် ဆိုသည်မှာ လူမျိုးရေး ( Race )၊ ဘာသာရေး ( Religion )၊ နိုင်ငံသားပြစ်မှု ( Nationality )၊ နိုင်ငံရေး ယုံကြည်ချက် ( Political Opinion ) နှင့် လူမှုရေးအဖွဲ့ တစ်ဖွဲ့ဖွဲ့သို့ ၀င်ရောက်ခြင်း တို့ကြောင့် မတရား ညှင်းပန်း နှိပ်စက် အပြစ်ပေး ခံရမည်ကို ကြောက်ရွံ့ရန် ခိုင်လုံသော အကြောင်းအချက်အလက်ရှိ သူ၊ ထိုသို့ကြောက်ရွံ့မှုကို အကြောင်းပြု၍ မိမိတို့ နိုင်ငံ အစိုးရ၏ ကာကွယ် စောင့်ရှောက်မှုကို မခံယူနိုင်သောသူ များဟု အဓိပ္ပါယ်ဖွင့်ထားသည်။

UNHCR အပါအ၀င် ကမ္ဘာ့ အဖွဲ့အစည်းကြီးများ၊ NGO များ အပါအ၀င် လူမှုရေး အဖွဲ့များ၏ လုပ်ဆောင် ချက်များ၊ ရည်ရွယ်ချက်များသည် အလွန်ဘဲ လေးစား အားကျဖွယ် ဖြစ်ပါသည်။ ဒါပေမယ့် အမြင်ကျဉ်းမြောင်းပြီး စာနာနားလည်မှုခေါင်းပါးသော UNHCR အရာရှိ တစ်ချို့တို့ကြောင့် စစ်အာဏာရှင်များ၏ သားကောင်များ ဖြစ်ကြ ရသော မြန်မာနိုင်ငံသား အများစုမှာ အားကိုးရာမဲ့ ဖြစ်နေကြရပါသည်။

မလေးရှား UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့ကြောင့် ယခုအခါ မလေးရှားနိုင်ငံတွင် ခိုလှုံခွင့် တောင်းခံကြသူများ၊ ဒုက္ခသည် များကြားတွင် မြန်မာနိုင်ငံသား အချင်းချင်း ခွဲခြား ဆက်ဆံမှုများ၊ အမြင်မ ရှင်းမှုများ ဖြစ်နေကြရပါသည်။ တစ်ချို့ဆိုလျှင် စစ်အာဏာရှင်များ၏ သားကောင် ဖြစ်ကြရရုံမက ကြင်နာနား လည်မှုကင်းသော UNHCR အရာရှိတို့၏ သားကောင်း ဘ၀ ဖြစ်ကြရပြီး ဘ၀ပျက် ရသူများလည်း ရှိကြပါသည်။

UNHCR အရာရှိ တစ်ချို့၏ မတရားသော လုပ်ရပ်များနှင့် ယုတ္တိ မတန်သော တုန့်ပြန်ချက် များနှင့် ပတ်သက်၍ တင်ပြ တိုင်ကြားသော အခါ၌လည်း “ ပြီးခဲ့တဲ့ တစ်နှစ်က အကြောင်းတွေ ပြန်မပြောပါနဲ့၊ ပြီးခဲ့တဲ့ ၂ ပတ်က အကြောင်းလဲ ပြန်မပြောပါနဲ့ ငါတို့ အနေနဲ့ ဒီနှစ်မှာ အစီအစဉ် တစ်မျိုးနဲ့ အဖွဲ့အားလုံးကို မျှမျှတတ ဖြစ်အောင် လုပ် ပေးမယ် ” လို့ပြောပြီး နှစ်သိမ့်ပါသည်။ ဒါပေမယ့် အပြောနဲ့ အလုပ် တခြားစီ ဖြစ်နေတာကို ကြုံနေရပါသည်။ အထူးသဖြင့် မြန်မာအဖွဲ့တွေ ကြုံနေရတာ နှစ်အတော်ကြာပြီ ဖြစ်ပါသည်။

UNHCR မလေးရှား ၀က်ဆိုက်ဒ် အရ ၂၀၀၉ အထိ မလေးရှား နိုင်ငံတွင် ဒုက္ခသည် ( Refugee ) နှင့် ခို လှုံခွင့် လျှောက်ထားသူ ( Asylum-seekers ) ပေါင်း ၉၀၀၀၀ ကျော်ကို စာရင်းလက်ခံပြီး ဖြစ်သည်။ ထိုထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည် မြန်မာပြည်မှ ဖြစ်သည် ဟုလည်း ဖော်ပြထားသည်။

မလေးရှား နိုင်ငံသည် ၁၉၅၁ ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ သဘောတူ စာချုပ်ကို လက်ခံထားခြင်း မရှိသော နိုင်ငံ ၄၄ နိုင်ငံတွင် ပါဝင်သည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် UNHCR ၏ ဒုက္ခသည်လက်မှတ်ရထားသူ များ၊ ခိုလှုံခွင့် လျှောက်ထားသူများနှင့် နိုင်ငံမဲ့များ အားလုံးကို တရားမ၀င် ကူးပြောင်း လာသူများ ( Irregular Migrants ) များအဖြစ် သတ်မှတ်ကာ ဖမ်းဆီး ထောင်ချလေ့ ရှိသည်။ မလေးရှား နိုင်ငံသည် တရားမ၀င်အလုပ်သ မားများကို အပြစ်ပေးရာတွင် ငွေဒဏ်၊ ထောင်ဒဏ် နှင့် ကြိမ်ဒဏ် ( Whipping ) များလည်းရှိသည်။

ယခုကဲ့သို့ အခြေအနေဆိုးကြီးထဲတွင် ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်မှာ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ဒုက္ခသည် ဖြစ်ထိုက် သူများမှာ ခိုလှုံခွင့် ရဖို့၊ ဒုက္ခသည်များ ခံစားထိုက်သော အခွင့်အရေးများရဖို့ နေ နေသာသာ စာရင်းပေးသွင်းခြင်း ( Registration ) တောင် လုပ်ခွင့် မရကြပါဘူး။ အထူးသဖြင့် ဗမာလူမျိုးများဖြစ် ကြပါသည်။ UNHCR မှ အသိအမှတ်ပြုပြီးထားသော ဒုက္ခသည် စာရင်းကို ကြည့်လျှင် ပိုပိုပြီး သိသာပါသည်။

၂၀၁၀ ဧပြီလ ၇ ရက်ထွက် မလေးရှားနိုင်ငံထုတ် The Star သတင်းစာကြီးအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်သူ ခိုလှုံသူပေါင်း ၇၆၂၀၀ ရှိသည်။ ချင်းလူမျိုး ၃၇၆၀၀၊ ရိုဟင်ဂျာ ၁၈၂၀၀၊ မြန်မာ မွတ်စလင် ၅၁၀၀၊ မွန်လူမျိုး ၃၅၀၀၊ ကချင် ၃၂၀၀ နှင့် ဗမာ အပါအ၀င် အခြားလူမျိုးများ နေထိုင်ကြသည်ဟု ဆိုထားပါ သည်။

ချင်းဒုက္ခသည်များ မဟာမိတ် အဖွဲ့ ( The Alliance of Chin Refugees ( ACR ) ၏ ဖော်ပြချက် အရ မလေးရှား နိုင်ငံတွင် ချင်းလူမျိုး ၂၀၀၀၀ နီးပါးလောက်ဟာ UNHCR မှဒုက္ခသည် အဖြစ် အသိအမှတ် ပြုပြီးဖြစ် သည်။ မွန်ဒုက္ခသည် အစည်းအရုံး ( Mon Refugee Organization ( MRO ) ကလည်း မွန်လူမျိုး ၃၀၀၀ နီးပါး ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခြင်း ခံရပြီး ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဲ့ဒီ အချက်အလက်များကို လေ့လာ သုံးသပ်ခြင်း အားဖြင့် မလေးရှားနိုင်ငံရှိ UNHCR ၏ ခွဲခြား ဆက်ဆံခြင်းနှင့် တရား မျှတမှု မရှိသော လုပ်ငန်းစဉ်များကို သိနိုင်ပါသည်။ UNHCR ၏ ဦးစားပေးလုပ်ဆောင်ချက်များတွင် အချိန်သင့် စာရင်းသွင်းခြင်း ( Timely Registration ) နှင့် တရား မျှတသော လုပ်ငန်းစဉ် ဖြစ်ရမည်ဟု အများမြင် သာအောင် ဖော်ပြ ကြေငြာ ထားသော်လည်း အပြောနှင့် အလုပ်မှာ များစွာ ခြားနား နေပါသည်။ UNHCR ၏ ကြီးမား သော ဂုဏ်သိက္ခာကိုလေးစားသော ဒုက္ခသည်များမှာ UNHCR ၏ ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး အခွင့် အာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုနေသော UNHCR အရာရှိ တစ်ချို့နှင့် မသမာသော လူတစ်ချို့တို့၏ အနိုင်ကျင့်မှု နှင့် ခွဲခြား ဆက်ဆံမှုကို ကြိတ်မှိတ် ခံစားနေရသည်မှာ နှစ်အတော် ကြာပြီ ဖြစ်သည်။

သူတို့၏ မတရားသောလုပ်ရပ်များကြောင့် အဖမ်းမဆီးခံရပြီး ထောင်ကျရသူများ၊ ကြိမ်ဒဏ်အပေးခံရ သူများ၊ ဘ၀ပျက်သူများ အများအပြား ရှိနေကြသည်။ တစ်ချို့ဆိုလျှင် ရိုးသားသော ဘ၀ပျက်ကာ မကောင်း သော အသက်မမွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင် နေကြရသည်။ ထို့ကြောင့် UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတား ပြောတဲ့ “ အစားအစာတွေ ရှားပါးလာတဲ့ အခါ ဒုက္ခသည် တွေဟာ ဒေသတွင်း အကြမ်းဖက် ခြင်း၊ တရားမ၀င် အလုပ်လုပ်ခြင်း ( သို့ ) ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်ခြင်းတို့ အတွက် အထူး စိုးရိမ် ရပါတယ်။ ဒါ ကြောင့် သူတို့ရဲ့စားပွဲပေါ်ကို အစားအစာ အလုံအလောက် တင်ပေးထားရမယ် ” ဆိုတဲ့ မိန့်ခွန်းကို မလေးရှား UNHCR မှ အရာရှိတစ်ချို့ သဘောပေါက်ဖို့ ကောင်းပါသည်။ ယခုဆိုရင် ဗမာလူမျိုး အများစုမှာ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံရဖို့ ဝေးစွ UNHCR မှာ တရားဝင် စာရင်းသွင်းခွင့်တောင် မရကြပါဘူး။

ကမ္ဘာ့ UNHCR မှ လျှို့ဝှက်စွာ ခက်ခက်ခဲခဲ နေထိုင်နေရသော ဒုက္ခသည်များ အတွက် အဆင်ပြေ လုံခြုံစေရန် စီမံပေးသော Mobile Registration စနစ်ကို မလေးရှားနိုင်ငံတွင် ကျင့်သုံးချိန်မှာလည်း မြန်မာ အဖွဲ့အစည်းများကို ချန်ထားသည့် အပြင် လာရောက် လျှောက်ထားသော ဗမာ လူမျိုးများကိုလည်း သင်တို့နဲ့ မဆိုင်ဘူး၊ ဗမာ လူမျိုးဆို လက်မခံဘူး ပြောပြီး နှင်လွှတ် ခဲ့ပါသည်။ အင်မတန် အောက်တန်း ကျသော စိတ်သဘောထား ဖြစ် ပါသည်။ UNHCR လို အဖွဲ့ကြီးမှာ ယခုကဲ့သို့ အမြင် ကျဉ်းမြောင်းပြီး စိတ်သဘောထား သေးသိမ်သော အရာရှိများ ရှိနေသည်မှာ အလွန် ၀မ်းနည်းဖွယ် ဖြစ်ပြီး UNHCR ၏ ဂုဏ်သိက္ခာကိုလည်း အလွန်ထိခိုက်ပါသည်။

တစ်ခြား UNHCR ၏ ဂုဏ်သိက္ခာကို ထိခိုက် ကျဆင်းစေသော အကြောင်းများလည်း ရှိပါသည်။ ကမ္ဘာ့ UNHCR ၏ စည်းမျဉ်း စည်းကမ်းများ အရ ဒုက္ခသည် အဖြစ် လျှောက်ထားလိုသူသည် UNHCR အသိအမှတ်ပြု ထားသော NGO အဖွဲ့အစည်းများမှ တစ်ဆင့် လျှောက်ထားခွင့်ပြုထားသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် ချင်းအဖွဲ့အစည်းများ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာ စသော ဒုက္ခသည်များ အရေးကို ကူညီ ဆောင်ရွက် ပေးနေသော တိုင်းရင်းသား အဖွဲ့အစည်းများ ရှိလာကြသည်။ သို့သော် UNHCR ၏ အရာရှိတစ်ချို့ကြောင့် မြန်မာနိုင်ငံသားတိုင်းရင်း သားများကြား၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနှင့်ဗမာလူမျိုးများကြား အမြင် မကြည်လင်မှုနှင့် ပြဿနာဖြစ် လာနိုင်ပါသည်။ စစ်ဖိနပ်အောက် နှိပ်ကွပ် ခံရတာချင်း အတူတူ ကမ္ဘာကပေးသော အခွင့်အရေးနှင့် ကူညီစောင့် ရှောက်မှု ခံရမှုတွင် ကွဲပြား ခြားနားသောကြောင့် ဖြစ်သည်။ ထို့ပြင် UNHCR နှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး နေသော NGO များမှတစ်ဆင့် ဒုက္ခသည် အဖြစ်လျှောက်ထားရမည်ဟု မလေးရှားနိုင်ငံရှိ UNHCR မှ သတ်မှတ် ပေးထားသောကြောင့် မိမိတို့နှင့် သက်ဆိုင်ရာ လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများတွင် စာရင်း ပေးပြီး UNHCR ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြရသည်။

သို့သော် UNHCR အရာရှိ တစ်ချို့၏ စနစ်မကျသော၊ တရားမျှတမှု မရှိသောကြောင့် UNHCR အသိအ မှတ်ပြုထားသော အဖွဲ့အစည်းများ အတွင်း မညီမျှမှုများ ဖြစ်ပေါ်နေပါသည်။ ဗမာ ဒုက္ခသည်များ အစည်းအရုံး ( ဘီအာအို ) အပါအ၀င် အခြား မြန်မာဒုက္ခသည် အဖွဲ့အစည်း များမှာ UNHCR နှစ်စဉ် ပေးသောခွဲတမ်းတွင် မပါဝင် သည်မှာ နှစ်အတော်ကြာပြီ ဖြစ်ပါသည်။ တစ်ခြားသော တိုင်းရင်းသား အဖွဲ့တစ်ချို့မှာ ထပ်တလဲလဲ လျှောက် ထားခွင့် ရနေပါသည်။ ဤသို့သော လုပ်ရပ်နှင့်စနစ်မှာ အလွန်မတရားတဲ့အပြင် ကမ္ဘာ ပြည်သူများက ပေးအပ် ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုရာရောက်နေပါသည်။ ထို့ပြင် UNHCR ကို ယုံကြည်ကိုးစားပြီး ပူးပေါင်း ကူညီ ဆောင်ရွက် ပေးနေသော ဗမာ အဖွဲ့အစည်းများ အပေါ်၌လည်း UNHCR ယင်းသို့သော အရာရှိ တစ်ချို့၏ လုပ်ရပ် များကြောင့် အဖွဲ့ဝင်များမှ အထင်လွဲခြင်း၊ အထင်သေးခြင်းများ ဖြစ်စေပါသည်။ ဒါကြောင့် UNHCR အပါအ၀င် ဗမာ အဖွဲ့အစည်း ဦးဆောင်သူ အပါအ၀င် စေတနာ သန့်သန့်ဖြင့် ကိုယ်ကျိုးစွန့် လုပ်ကိုင်ကူညီဆောင် ရွက်ပေးနေသောသူများ၏ ဂုဏ်သိက္ခာ ထိခိုက် ကျဆင်း နေရပါသည်။

UNHCR အရာရှိများ အနေနဲ့ သိသင့်တာကတော့ မလေးရှားနိုင်ငံရှိ တိုင်းရင်းသား ဒုက္ခသည် အဖွဲ့အစည်း တစ်ချို့သည် သူတို့ တိုင်းရင်းသား လူမျိုးဖြစ်ပေမယ့် သူတို့ ဒေသစကား မပြောတတ်လျှင်သော် လည်းကောင်း၊ တခြား လူမျိုး တစ်ဦးဦးနှင့် အိမ်ထောင် ကျသွားသော အမျိုးသား၊ အမျိုးသမီးများကို သူတို့ အဖွဲ့ဝင် အဖြစ် ၀င်ခွင့် မပြုပေ။ ယင်းအချက်ကို သူတို့အဖွဲ့၏ စည်းမျဉ်း၊ စည်းကမ်းများကို ကြည့်ရှု လေ့လာခြင်းဖြင့် သိနိုင်ပါသည်။

မြန်မာ နိုင်ငံသား အားလုံးကို ကူညီ ဆောင်ရွက် ပေးနေသော ဗမာဒုက္ခသည်များ အစည်းအရုံး(ဘီအာအို) တွင် တက်ရောက် ပညာ သင်ကြားနေသော ကျောင်းသားများမှာ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ထားဝယ်၊ ရှမ်း လူမျိုး အများစု ဖြစ်ပါသည်။ ယခုလို တမြေတည်းနေ၊ တရေတည်း သောက် နေနိုင်ခဲ့ကြသော ဗမာ လူမျိုး အပါအ၀င် မြန်မာနိုင်ငံသားတိုင်းရင်းသားအပေါင်းတို့မှာ မလေး UNHCR အရာရှိ တစ်ချို့၏ ညံ့ဖျင်းသော၊ စနစ်မကျသော၊ မတရားသော လုပ်ထုံးလုပ်နည်း၊ အခွင့်အာဏာအလွဲသုံးစားမှု နှင့် အနိုင်ကျင့်မှုများကြောင့် အချင်းချင်း စိတ် ၀မ်းကွဲကြမလိုဖြစ်ကြရသည်။

စစ်ဖိနပ်အောက် ဖိနှိပ်သတ်ဖြတ်ခြင်း အတူတူ ခံနေရသော ဘ၀တူ လူမျိုး အချင်းချင်း ယခုလို ခွဲခြားဆက် ဆံနေခြင်းကို အမြန်ဆုံး ဖြေရှင်းသင့် ပါပြီ။ ယခုအခါ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘာသာ၊ ကာ လာမခွဲခြားရေး နှင့် လူသား အားလုံး အတူတူ ညီတူညီမျှ လူဂုဏ်သိက္ခာကို ခံစား၊ စံစားခွင့်ရှိအောင် ကြိုးပမ်းနေ ချိန်တွင် အကြင်နာတရားမဲ့သော UNHCR အရာရှိ တစ်ချို့ကြောင့် မထိခိုက် စေလိုပါ၊ မနစ်နာစေလိုတော့ပါ။

ကျွန်တော့် အနေနဲ့ ယခုလို မလေးရှား နိုင်ငံရှိ မြန်မာ နိုင်ငံသား ဒုက္ခသည်များနှင့် ပတ်သတ်ပြီး မလေးရှား UNHCR အရာရှိ တစ်ချို့၏ မတရားသော၊ မူမမှန်သော အကြောင်းအချက်များကို ဖော်ပြရခြင်းမှာ မြန်မာလူမျိုးများ အပါအ၀င် ကမ္ဘာကပါ အဖြစ်မှန်၊ ပြဿနာ အမှန်ကို သိစေလို၍ ဖြစ်ပါသည်။

ပြည်တွင်း တွင်လည်း စစ်အာဏာရှင်များ၏ ဖိနှိပ် ညှင်းပန်းမှုကို ခံရသည့် အပြင်၊ ယခု ပြည်ပမှာပါ ခွဲခြား ဆက်ဆံမှုကို ခံနေရသော ဒုက္ခသည် များ၏ ဘ၀သည် အသက်ရှင်လျှက် ဘ၀သေနေသလိုပင်ဖြစ်သည်။ လူသား စစ်စစ် ဖြစ်သောကြောင့် လူသားတိုင်း ခံစား ထိုက်သော လူ့အခွင့်အရေးကို ခံစားခွင့်ပြုရမည်၊ ခံစားခွင့်ရှိရ မည်။

ကျွန်တော့် တင်ပြချက်များ အတွက် အပြည့်အ၀ တာဝန်ယူပါသည်။ ကျွန်တော်ဟာ လူစွမ်းကောင်းမ ဟုတ်သလို၊ သူရဲကောင်းလည်း မဟုတ်ပါ။ သို့သော် မတရားမှုကိုတော့ လက်မခံနိုင်သူဖြစ်ပါသည်။ ယခုကဲ့သို့ မလေး UNHCR အရာရှိတစ်ချို့၏ တရား မျှတမှု မရှိသော လုပ်ရပ်များကို သိရှိနားလည်သဘောပေါက်သူများစွာ ရှိကြောင်း ယုံကြည်ပါသည်။ မိမိတို့၏ ပြည်တွင်းမှာ အမှန်တရား အတွက် တိုက်ပွဲဝင်လို့ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင် လာခဲ့ရသူများ အနေနဲ့ ယခုကြုံတွေ့နေရသော UNHCR အရာရှိတစ်ချို့၏ မတရားသော၊ အနိုင်ကျင့် ခွဲခြား ဆက်ဆံနေမှုကို ပြတ်ပြတ်သားသား ထုတ်ဖော် ဆန့်ကျင်ဖို့ အချိန်တန်ပြီလို့ ယူဆပါသည်။ ကျွန်တော်တို့ မြန်မာ နိုင်ငံသား အချင်းချင်းလည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့် ၀ိုင်းဝန်း တိုင်ပင် အဖြေရှာသင့်ပြီလို့ တိုက်တွန်းချင်ပါသည်။ ယခုအခါမှာ အပြစ်မဲ့ မြန်မာနိုင်ငံသား ကလေးငယ်များနှင့် အမျိုးသမီးများမှာ အနာဂါတ် ပျောက်နေပါပြီ။ နောင်မျိုးဆက်တွေ အတွက် ကျွန်တော်တို့ အားလုံး အမှန်တရားနှင့် လူ့အခွင့်အရေးအ တွက် ယခု ချိန်ကစပြီး အားလုံး ညီညွတ်စွာ ပေးဆပ်ကြပါစို့။

မြန်မာ ဒုက္ခသည်များ

၁၇ ဧပြီ ၂၀၁၀
ပေးပို့သူ – ခမိခဆဲ

Posted on March 19, 2011, in ဆောင်းပါးကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: