သမိုင်း သက်သေ တည်စေညွှန်း

စာရေးသူ – ကျော်သောင်း

နိုင်ငံရေးနဲ့ လူမျိုးရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မရေးချင်ဘူး။ ကိုယ်က ပိစိကွေးလေး။ ဒါပေမယ့် RFA ရေဒီယို မှာ ပါတဲ့ နေပြည်တော် လွှတ်တော် သတင်းတစ်ပုဒ်ကို နားထောင်ရတော့ ကျနော်သိခဲ့တဲ့ အကြောင်းအရာတွေနဲ့ ကွက်တိဖြစ်နေတာကြောင့်  ရေးပြချင်တဲ့ စိတ်တွေက ရေးဖြစ်အောင် စေ့ဆော်ခဲ့တယ်။

၂၀၁၁နှစ်မတ်လ ၁၄ ရက်နေ့က ကြပ်ပြေးနေပြည်တော်ပြည်သူ့ လွှတ်တော်မှာ ရခိုင်အမတ် တစ်ဦးနဲ့ ချင်း အမတ် တစ်ဦးတို့ တင်ပြကြတဲ့ အဆိုကို မဲခွဲဆုံးဖြတ်စရာမလိုပဲ မိမိကိုယ်ကို ရုပ်သိမ်း ရတယ်ဆိုတဲ့ စိတ်ဆင်းရဲဖွယ် လွှတ်တော်သတင်းကြောင့် ဖြစ်တယ်။


လွှတ်တော်အတွင်းက ပကတိအနေအထားကို အတိအကျ သိရှိနိုင်ဖို့ ခက်ခဲနိုင်တာ မှန်ပေမယ့် တစ်ဦးတစ်ဖွဲ့က စီမံခန့်ခွဲနေတဲ့ တိုင်းပြည်ဖြစ်တာကြောင့် သို့ကလိုဖြစ်စေသတည်းဆိုတဲ့ အခင်းအကျင်းကိုတော့ အားလုံး သဘော ပေါက်ပြီး ဖြစ်တယ်။ အဖြေသိပြီးသား ပုစ္ဆာပါဆိုရင် လွဲအံ့မမြင်။ စေတစ်လုံးပိုင် ချပြီးသား အစီအစဉ်တွကို  သမိုင်းတရားခံ အဖြစ် လက်ခုတ်ဝင် တီးပြီးတော့ လက်မှတ်ဝင်ထိုးနေကြတာပဲလေ။

ချင်းအမတ် ဦးပေါ်လျှံလွင် က ဖဆပလ ခေတ်ကတည်းက တည်ဆောက်ပေးမယ်လို့ ကတိပေးခဲ့တဲ့ (ပလက်ဝ-မတူပီ) ဂန့်ဂေါ ကားလမ်းကို ပြုပြင်တည်ဆောက်ပေးဖို့နဲ့ ချင်းပြည်နယ်က ၀န်ထမ်းတွေနေထိုင်ဖို့ တန်ဖိုးနည်း အိမ်ယာတွေ ဆောက်လုပ်ပေးဖို့ တင်ပြခဲ့တော့ လက်ရှိ စစ်အုပ်စု ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့် က ဘဏ္ဍာရေး အခြေ အနေအရ စီစဉ်ပေးမယ်ဆိုပြီး ပြန်ပြောခဲ့တယ်။

ရခိုင်အမတ် တစ်ဦးက ရခိုင်ပြည်နယ်မှာ ထုံးကျောက်တောင်များရှိသဖြင့် ဘိလပ်မြေစက်ရုံ တည်ဆောက် နိုင်ကြောင်း တင်ပြခဲ့ရာ သဲဆန်သော ထုံးကျောက်ဖြစ်တယ်လို့ဆိုပြီး  ပယ်ချခဲ့သလို ဦမောင်အေးထွန်း ဆိုတဲ့ အမတ်က တင်ပြတဲ့ ရခိုင်ရိုးမတလျှောက် လက်ညိုး ထိုးမလွဲတဲ့ ၀ါးပင်တွေကို ပျော့ဖတ်စက်ရုံအဖြစ် တည် ဆောက်ဖို့ တင်ပြတာကိုလည်း လျှပ်စစ်ဓါတ်အား မရှိတာကြောင့် အစိုးရလည်း မလုပ်နိုင်သလို နိုင်ငံခြား ကုမ္ပဏီတွေကလည်း ဒါကြောင့်ပဲ မလုပ်ကြဘူးလို့ ပြောဆိုပြီး ပယ်ချခဲ့ပြန်တယ်။

ရန်ကုန် NDF ပါတီအမတ် ဒေါက်တာ မြဉာဏစိုးက ရန်ကုန်မြို့မှာ မြို့ပတ်ရထား တိုးချဲ့ပြေးဆွဲပေးဖို့ တောင်းဆိုခဲ့တာကိုလည်း ဂုံးကျော်တံတား ၄၀ လောက် ဆောက်ရအုံးမယ် ဆိုပြီး ပယ်ချခဲ့တယ်။ အခြားသော လျှပ်စစ်မီးကိစ္စရပ်တွေကိုပါ အမတ်တွေတင်သမျှ လက်ရှိ စစ်အုပ်စု ၀န်ကြီးတွေက ပယ်ချခဲ့ကြတယ်။ တိုင်းရင်းသားဘာသာ စာပေသင်ကြားခွင့်ကို ပညာရေး ၀န်ကြီးက ဗြောင် ပယ်ချလိုက်တယ်။ ဒါတွေအားလုံးဟာ လည်းပဲ ဒီကနေ့ မီဒီယာတွေရဲ့ လျင်မြန်မှုတွေကြောင့် သိရှိခဲ့ကြရတာပါ။

မြန်မာ စစ်အာဏာရှင် အဆက်ဆက် ကတိမတည်ခဲ့မှုတွေ အချို့……

၁၉၈၂ ၀န်းကျင်လောက်က ရခိုင်ပြည်နယ် အမ်းမြို့နယ်က ဦးထွန်းမြအောင် ဆိုသည့် ဆိုရှယ်လစ် အမတ်တစ်ဦးရဲ့ ဖြစ်ရပ်မှန် တစ်ခုဖြစ်ပါတယ်။ (လူနာမည် လွဲကောင်း လွဲနိုင်ပါ တယ်) ရန်ကုန်မြို့ ပြည်သူ့လွှတ်တော်အဆောက်အဦးထဲမှာ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်း စဉ်တွေနဲ့ ပတ်သက်ပြီး တင်ပြကြဖို့ မဆလ ပါတီဥက္ကဌ ဦးနေ၀င်းက အဆိုတင်သွင်း ခိုင်းပါတယ်။ ဥက္ကဌကြီးရဲ့ ခွင့်ပြုချက်ကြောင့် အခြားပြည်နယ်တွေက ဒေသဆိုင်ရာ ပါတီကော်မီတီတွေက တင်ပြကြသလို ဦးထွန်းမြအောင်လည်း အဆိုတစ်ရပ် တင်သွင်းပါတယ်။

“ဥက္ကဌကြီးနဲ့တကွ ကိုယ်စားလှယ်တော်ကြီးများခင်ဗျာ။ ကျနော်တို့ ရခိုင်ပြည်နယ်ဟာ အနောက်ရိုးမ တောင်ကြီးအနားမှာ နေကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဒီရိုးမတောင်ကြီးထဲမှာ သစ်တွေ ၀ါးတွေ သုံးလို့ဖြုန်းလို့ မကုန်အောင် ရှိပါတယ်။ အထူးသဖြင့် ၀ါးဆိုရင် ကျနော်တို့ နေရာတိုင်းမှာ ပေါပေါများများရှိပါတယ်။ ကမ္ဘာ့ အကောင်းဆုံး ကြိမ်တွေလည်း ထွက်ရှိပါတယ်၊ marble လို့ခေါ်တဲ့ နေပူခံကျောက်ပြားတွေ ထုတ်လုပ်လို့ ရနိုင်ပါတယ်၊ ငပလီကမ်းခြေက သဲတွေကို ဖန်တွေ စိတ်တိုင်းကျ ချက်လုပ်နိုင်ပါတယ်။ ဒီ ရခိုင်ရိုးမတောင်ကို အမှီပြုပြီး စက္ကူပျော့ဖတ်စက်ရုံတွေ၊ ကမ္ဘာ့အကောင်းစား နေပူခံကျောက်ပြား ထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ ဖန်ချက် စက်ရုံတွေ တည်ဆောက်လိုက်ရင် တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေတွေ အမြောက်အမြား ရရှိနိုင်သလို ဒေသတွင်း ရခိုင်လူထုတွေလည်း အလုပ်အကိုင်တွေ ရရှိနိုင် ပါတယ်။ နိုင်ငံတော်အနေနဲ့ အထူး စဉ်းစား စေချင်ကြောင်း တင်ပြ အပ်ပါတယ် ခင်ဗျား”

အဲသလို ပြည်သူ့လွှတ်တော်ထဲမှာ တိုင်းပြည်အကျိုး ပြည်နယ်အကျိုး သယ်ပိုးဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်ကို တင်ပြခဲ့တဲ့ အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး  စည်းဝေးတွေပြီးလို့ အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ကိုရောက်တော့ လုပ်ဖေါ်ကိုင်ဘက်တွေ မိသားစုတွေ လာကြ တာပေါ့။ သူကလည်း သူတင်ပြခဲ့တာကို အာဘောင် အာရင်းသန်သန်နဲ့  အများကောင်းကျိုး အတွက် တင်ပြခဲ့တာကို ပြောပြတယ်။  ဒီ့နောက် ဇနီးဖြစ်တဲ့ သူက ခင်ပွန်းဖြစ်သူ မရောက်ခင်ကတည်းရောက်နေတဲ့ စာအိတ်ရှည်တစ်လုံးကို လာပေးတယ်။ အဲဒီစာထဲမှာ စာအမှတ်/၁၉၈၂ ဘာညာ ရေးထားပြီးတော့ အကြောင်းအရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရာသက်ပန်ရပ်စဲခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြုတ်စာတစ်စောင်ကို လက်ခံရရှိခဲ့ပါတော့တယ်။ တိုရှင်းပြောရရင် ဦးထွန်းမြအောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရာထူးကပြုတ်သွားခဲ့ပါတယ်။

ကျနော်တို့တိုင်းပြည်မှာ မဟာလူမျိုးကြီးဝါဒ တစ်ပါတီ အာဏာရှင်စနစ်တွေကြောင့် တိုင်းပြည်ကြီး စုန်းစုန်း မြုပ်ခဲ့ကြရတာကို လူတိုင်းသိပြီးဖြစ်တယ်။ တော်လှန်ရေးကောင်စီအစိုးရ၊ မဆလ၊ နအဖအစိုးရ အဆက်ဆက် တို့ဟာ တိုင်းပြည်ခေတ်မီ ဖွံ့ဖြိုးမှုအပေါ်မှာ စေတနာထားပြီး စဉ်းစားခဲ့တာ နည်းပါတယ်။ အသွင်မတူတဲ့ ယဉ်ကျေးမှုတွေ၊ ဘာသာ စာပေတွေ၊ ရိုးရာ အစဉ်အလာတွေကို နည်းအမျိုးမျိုးဖျက်ဆီးပြီး လိမ်လည် လှည့်ဖြားဖို့သာ အစဉ်တစိုက် ကြိုးစား အားထုတ်ခဲ့ပါတယ်။

မကြာသေးခင်နှစ်များက၊ ရခိုင်ကဘုရားတွေ သယ်ယူသွားပြီးတော့ ပဲခူးဟံသာဝတီ ဘုရင့်နောင် နန်းရာကို တူးဖေါ်တဲ့ နေရာက ရတယ်လို့ မရှက်မကြောက် လိမ်လည်သလို ရှမ်းလူမျိုးတွေရဲ့ ဟော်နန်းကို ဖျက်ဆီး ပစ်လိုက်တာတွေကို ပြောမယ်ဆိုရင် ဆုံးနိုင်တော့မှာ မဟုတ်ဘူး။ ရှမ်းတောင်တန်းမှာ စီးပွားရေး လုပ်ငန်းကြီးတွေ တည်ထောင်ဖို့ နည်းပညာ သင်ကျောင်းတွေ တည်ဆောက်ပေးဖို့ အဲဒီလို ကိစ္စရပ်တွေကို အာဏာပိုင်တွေ စဉ်းစားတာက ရှမ်းတွေ တိုးတက်သွားရင်၊ ဒို့ကို အာခံမယ်၊ ဒီလိုကျဉ်းမြောင်းတဲ့ အယူအဆတွေနဲ့သာ အုပ်ချုပ်ခဲ့ပါတယ်။ တစ်တိုင်းပြည်လုံး တတ်ဖို့သိဖို့လိုတယ်၊ တစ်နိုင်ငံလုံး ထမင်းဝဖို့ လိုတယ်ဆိုတဲ့ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းကောင်းမင်းမြတ်တို့ရဲ့ စေတနာမေတ္တာမျိုးတွေ ဘယ်တုန်းကမှ မထားခဲ့ပါ။ တိုင်းရင်းသားများ တန်းတူရေးအတွက် တိုက်ပွဲ ၀င်နေကြတာတွေကိုလည်း မိမိတို့စာပေ ယဉ်ကျေးမှုနဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတယ် လို့ မမြင်ပဲ ခွဲထွက်မယ့် သောင်းကျန်းသူတွေအဖြစ် ယနေ့တိုင် မြင်တုန်း ဖြစ်တယ်။ ပုစ္ဆာကို အမှန်အတိုင်း မမြင်တာကြောင့် မှန်ကန်တဲ့ အဖြေမရပဲ ပြည်တွင်း စစ်မီးက နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီးပြီ ဖြစ်တယ်။

ရခိုင်ပြည်က ဒုတိယ အဖြစ်အပျက်

၁၉၇၀ ကျော်ဝန်းကျင်ထုတ် ရခိုင်တန်ဆောင် အမှတ် ၁၂ မှာ စာရေးဆရာမ (မအေးကြည်-စနဲ) ဆိုတဲ့ စာရေး ဆရာမက၊   စိုင်းတင် ရေတံခွန်ဟာ မြန်မာတစ်နိုင်ငံလုံးကို ၂၄ နာရီ အပြည့် မီးပေးနိုင်ရုံ သာမက အန္ဒိယနိုင်ငံ ကြီးရဲ့ ထက်ဝက်တိတိကိုတောင် လျှပ်စစ် ဓါတ်အား ရောင်းချနိုင်တယ်လို့ ထုတ်လုပ်နိုင်တဲ့ မီဂ္ဂါဝပ်က အစ ကိန်းကဏန်းတွေကို အတိအကျ သုတေသနပြုပြီး “အနာဂါတ် ရခိုင်ပြည် လျှပ်စစ်မီး ထိန်ထိန်လင်းမည်” ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆောင်းပါး တစ်ပုဒ်ရေးခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မှာရှိတဲ့ စိုင်းတင် ရေတံခွန်ဟာဆိုရင် ခု လက်ရှိ မြန်မာပြည်မှာရှိတဲ့ ဘီလူးချောင်း ရေအားလျှပ်စစ် စက်ရုံနဲ့ လောပိတ ရေအား လျှပ်စစ် စက်ရုံတို့ထက် အဆပေါင်းများစွာ လျှပ်စစ် ထုတ်လုပ်နိုင်တယ်။ ပညာရှင်တွေ တွက်ချက် ထားချက် အရဆိုရင် ဘီလူးချောင်းနဲ့ လောပိတ ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ စက်ရုံတွေဟာ တပေါင်း တန်းခူးလတွေမှာ အပေါ်က ရေကျနှုန်း နည်းပါးတာကြောင့် အောက်က ရေတွေကို အပေါ်သို့ ပြန်တင်ရပါတယ်။ စိုင်းတင်ရေတံခွန်ကတော့ ၁၂ လ ရာသီပတ် လုံး ရေကျနှုန်း လျှော့မသွားဘူးလို့ သိရပါတယ်။

ဒီမတိုင်ခင် ဂျာမန်၊ အင်္ဂလန်ပညာရှင်တွေ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ လာရောက် တိုင်းတာခဲ့ တာကို ဗိုလ်ချုပ်ကြီး နေ၀င်းက လုပ်ကြံ သတ်ဖြတ်ခိုင်းခဲ့ပါတယ်။ ဟိုလေးတကြော် ရာဇ၀င် တွင်ခဲ့ပါတယ်။ အကြောင်းပြချက်က ရခိုင်ကွန်မြူနစ်တွေ ပစ်သတ်တယ်။ ဒေသတွင်း မှာ အေးချမ်းမှု မရှိတာကြောင့် ဒီစက်ရုံတည် ဆောက်မှုကို ရပ်တန့်တယ်လို့ မဆလ က အလီဘိုင် (အကြောင်းပြ) ခဲ့တယ်။ အဲဒီကတည်းက ဒီစီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၅၀ ၀န်းကျင်တုန်းက အရှေ့တောင်အာရှမှာ ချမ်းသာကြွယ်ဝ တိုးတက်ခဲ့တဲ့ မြန်မာပြည်ကို ၁၉၆၂ နှစ်က စပြီးတော့ ဗိုလ်ချုပ်ကြီး နေ၀င်းက အစ ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေတိုင်အောင်  စစ်အာဏာရှင်တွေ နှစ်ပေါင်း ငါးဆယ်နီးပါး အုပ်ချုပ် လာလိုက်တာ စုတ်ပြတ်သတ် ကမ္ဘာကျော်နိုင်ငံကြီးဖြစ်သွား တော့တယ်။ တစ်လိမ်ပြီး တစ်လိမ် ဆက်တိုက် ဆက်တိုက် လိမ်လာလိုက်တာ ခုထိ လိမ်ကောင်းတုန်း ဖြစ်တယ်။ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို အတုံးလိုက် အတစ်လိုက် ရောင်းစားဖို့လောက်သာ တတ်ပြီး ကုလား တရုတ်တို့ ရဲ့ဝါးမြိုခံနေရမှုကိုလည်း မသိချင်ယောင် ဆောင်နေပြန်သေးတယ်။

ကျနော်ပြောချင်တဲ့ တတိယအချက်

၁၉၉၀ ပြည့် ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာ စစ်အုပ်စုက တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင် ဆိုတဲ့ ခေါင်းစဉ်နဲ့ လမ်းတံတားတွေ တည်ဆောက် ပြုပြင်နေတာတွေကို ၀ါဒဖြန့်ချီရေး တစ်ခု အနေနဲ့ လုပ်ခဲ့ပြန် ပါတယ်။ အဲဒီတုန်းက မန္တလေးတိုင်းအတွင်းက ရေအားလျှပ်စစ် စီမံကိန်း၊ ပုသိမ်သီလ၀ါ ရေနက် ဆိပ်ကမ်း (နောက်တစ်ခု မမှတ်မိတော့ပါ) ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စိုင်းတင်ရေအား လျှပ်စစ်စီမံကိန်း  ဆိုတဲ့ စီမံကိန်းတွေကို ကုန်ကျမယ့် ငွေကြေးတွေ ချပြထား ပါတယ်။ ၂၀၀၅ ခုနှစ်မှာ အပြီးတည်ဆောက်မယ် ဆိုပြီး ရန်ကုန်မြို့ ဦ၀ိစာရ လမ်းမှာ ရှိတဲ့  (အဲဒီတုန်းက တပ်မတော်ပြခန်းအဖြစ် မသိမ်းသေးပါ) အမျိုးသားရေကူးကန် ပြခန်းမှာ ပြသခဲ့ ပါတယ်။ လူအမြောက်အများ ၀မ်းသာခဲ့ကြပါတယ်။ ရန်ကုန်နေ ရခိုင်လူငယ်တွေ အထူး မျှော်လင့်ခဲ့ကြပါတယ်။

မန္တလေးတိုင်းက တောင်တန်းတွေကို ဖြတ်ဆည်ပြီး လုပ်လိုက်တဲ့ ဆည်ကြီးနဲ့ ပုသိမ် သီလ၀ါ ဆိပ်ကမ်းနဲ့ ပြည်မက စီမံကိန်းတစ်ခု ပြီးစီးခဲ့ပေမယ့် ရခိုင်မှာ တည်ဆောက် မယ့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှာတော့ ၀ါးရိုး တစ်ချောင်းတောင် စိုက်ထူးခဲ့ခြင်းမရှိခဲ့ပါ။

၁၉၉၆ လောက်မှာ စိုင်းတင် ရေတံခွန်ကို ပညာရှင်တွေ လာရောက် တိုင်းတာမှုတွေ လုပ်ခဲ့ ပါတယ်၊ ဘူးသီးတောင်မြို့ ကမ်းနားလမ်း ဆက်သွယ်ရေး ကြေးနန်းစာတိုက် အနီးမှာ စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းရုံး ဆိုပြီး အဆောက်အဦးငယ်တစ်ခု တိုင်ထူပြီး ထုတ်ဆင့်တွေ တပ်ဆင်ခဲ့ပါတယ်။ သွပ်မိုးတော့ မမိုးခဲ့ရသးပါ။ ရုံးအဆောက်အဦး အနီးမှာ သံငြမ်းအချို့ စုပုံထားခဲ့တာတွေကို မြင့်ခဲ့ဖူးပါတယ်။

အထူးမှတ်တမ်း တင်ထိုက်စရာက ထိုအချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့်မှာ အမျိုးသား ကျမ္မာရေး ကော်မီတီ ဥက္ကဌ၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကော်မီတီ ဥက္ကဌ ရာထူး ယူထား သူ ဖြစ်ပါတယ်။ ဒါပေမယ့် စီမံကိန်းက လုံးဝ ရပ်နားခဲ့ရတဲ့ အကြောင်းစုံကို သိရှိတဲ့ ဗိုလ်ချုပ် ခင်ညွန့်ရဲ့ လုံခြုံရေးအရာရှိ ရခိုင်အမျိုးသားတစ်ဦး ပြောပြခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အဲဒီတုန်းက အာဏာရှင်ကြီး ဦးနေ၀င်းက ခေါ်ယူ ကြိမ်းမောင်းပါတယ်။ “ခင်ညွန့်..မင်း တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင့် အစီအစဉ်လုပ်နေတာတွေ ငါ အကုန်ထောက်ခံတယ် ..မင်းကျန်တဲ့ နေရာမှာ လုပ်ချင်တာလုပ် ၊ မင်းကြိုက်တာလုပ်၊ ငါဘာမှမပြောလိုဘူး။ မင်း ရခိုင်မှာတော့ ဘာမှ သွားမလုပ်နဲ့။ မင်းမှတ်ထားဖို့ ငါပြော လိုက်မယ်။ သေနေတဲ့ကျားကို အသက်မသွင်းနဲ့ကွ။ ရခိုင်က စီမံကိန်းတွေ အကုန်ရပ်” ဆိုပြီး ဆဲဆိုအော်ငေါက်ပြီး အမိန့်ပေးခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။

မြန်မာစစ်အစိုးရ အဆက်ဆက်တွေဟာ ကုလားတရုတ်တွေ ကျည်တစ်တောင့် မဖေါက်ပဲ မြန်မာပြည်ရဲ့ အစိတ်အပိုင်း အတော်များများကို သိမ်းပိုက်ခဲ့ပြီး ဖြစ်တာကို မသိချင်ယောင် ဆောင်နေတယ်။ အနာဂတ်မှာ ရှင်းလို့ မကျင်းနိုင်အောင် ရှုပ်ထွေးနေတဲ့ လူမျိုးရေးနဲ့ စီးပွားရေး ပြဿနာတွေကို ဖန်တီးထားခဲ့တယ်။ ဒီပြဿနာအားလုံး ဦးနေ၀င်း၊ ဦးခင်ညွန့်တို့ ရှုပ်ခဲ့တာတွေ လုပ်ခဲ့တာတွေပါ။ ဒီပြဿနာတွေကို ခု စစ်ခေါင်းဆောင်တွေ မရှင်းနိုင်သလို လက်ရှိ အာဏာရှင် ဦးသန်းရွှေ လုပ်ချင်းတိုင်း လုပ်နေတာကိုလည်း ဘယ်သူမှ ရှင်းနိုင်မှာမဟုတ်ပါ။ တိုင်းပြည်ရဲ့ ၈၀ ရာခိုင်နုန်းသော တောင်သူ လယ်သမားတွေ လူနေမှု ဘ၀တွေ တိုးတက် မြင့်မားဖို့ ပညာသင်ကြားခွင့်ရရှိဖို့ ကျမ္မာသန်စွမ်းတဲ့ တိုင်းသူပြည် သားတွေဖြစ်ဖို့ ဆိုတာတွေကို လွတ်လပ်ရေး ရပြီးကတည်းက ယခုထိတိုင်အောင် စီစဉ်ဆောင် ရွက်ခြင်းမရှိခဲ့ဘူး။ ယခုအခါ ကျွန် ထုတ်လုပ်တဲ့ တိုင်းပြည်၊ ကိုယ်ကျင့်သီလ မကောင်းတဲ့ လူမျိုး၊ အောက်တန်းစား အလုပ်တွေကို ခိုင်းချင်သလို ခိုင်းလို့ ရတဲ့ လူမျိုးအဖြစ် အိမ်နီးချင်း တိုင်းပြည်တွေက သတ်မှတ်နေကြတာကိုတော့ ရင်နာလွန်းပါတယ်ဗျာ။

မှတ်ချက်။ ။  စာရေးသူ ကျော်သောင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်ကာ ရခိုင်ပြည်ဆိုင်ရာ သတင်းများကို ပြည်ပမီဒီယာများမှ တဆင့် ရခိုင်ပြည်သူများအား တင်ဆက်ပေးနေသူ တစ်ဦး ဖြစ်သည်။

Advertisements

Posted on March 26, 2011, in ဆောင်းပါးကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: