မလေးရှားရောက် မြန်မာမိန်းကလေးများ လိမ္မာရေးခြား ရှိကြစေချင်

စာရေးသူ – တင်အောင် (ဒဂုံ)

ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က အပတ်စဉ် အဲဒီနေ့ ည ၉ နာရီမှာ TV 3 ခေါ် မလေးရှားက အဓိက ရုပ်သံလွှင့်လိုင်းက တင်ဆက်နေကျ ကိုးသုံးလုံး (၉၉၉) ခေါ်တဲ့ ရဲဌာနရဲ့ မှုခင်းဆိုင်ရာ သတင်း မှတ်တမ်း အစီအစဉ်လေးကို မိတ်ဆွေတစ်ချို့နဲ့ ထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။ စာရေးသူဟာ အဲဒီ ကိုးသုံးလုံး အစီအစဉ်လေးကို ကြာသပတေးနေ့ ညတိုင်း မှန်မှန် မပျက်မကွက် စောင့်ကြည့်သူ တစ်ဦးပါ။ အကြောင်းက အဲဒီ အစီစဉ်မှာ K.L အပါအဝင်၊ မလေးရှား တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့ ရာဇဝတ်မှုဆိုင်ရာ မှုခင်းသတင်းတွေ အပါအဝင် ကားတိုက်မှုကြီးတွေ၊ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို အော်ပရာစီ ခေါ်တဲ့ စီမံချက်တွေနဲ့ ဖမ်းဆီးတဲ့သတင်း မှတ်တမ်းတွေ၊ ကာရာအိုကေနဲ့ ညကလပ်တွေ စပါး (Spa) နဲ့၊ အနှိပ်ခန်းတွေကို ဝင်ရောက် ဖမ်းဆီးတာတွေကို အထူးသဖြင့် တင်ဆက်လေ့ရှိတာကြောင့်ပါ။

အထက်မှာ ဖော်ပြခဲ့တဲ့ TV 3 ရဲ့ ကိုးသုံးလုံး အစီအစဉ်တွေထဲ စာရေးသူ အထူး သတိထားမိတာက အစီအစဉ်တိုင်းလောက်မှာ – အထက်က ဖော်ပြခဲ့တဲ့ မှုခင်းတွေနဲ့ ဖမ်းဆီးမှုတွေထဲ ကာရာအိုကေ၊ ညကလပ်နဲ့ အနှိပ်ခန်းတွေကို ရဲတွေဝင်ရောက် ဖမ်းဆီးတာ မပါမရှိသလောက် ဖြစ်နေခြင်းပါ။

ဖမ်းဆီးမှုတွေ ပြုလုပ်လိုက်တိုင်းလဲ အဲဒီကလပ်တွေ၊ ကာရာအိုကေခန်းတွေနဲ့ အနှိပ်ခန်းတွေမှာ တရားမဝင် သွေးသားရောင်းခြင်း လုပ်ငန်းကို လုပ်ကိုင်ပြီး လောဘအလို ဆန္ဒကိုလိုက်ကာ မသန့်ရှင်းတဲ့ ဝင်ငွေတွေကို ရှာဖွေနေကြတဲ့ နိုင်ငံခြားသူ အရွယ်စုံ အမျိုးသမီးလေးတွေ ကို မြင်တွေ့နေရခြင်းပါ။

တခါတရံ စာရေးသူ ဥာဏ်မမီ၍ပေလော။ သို့တည်းမဟုတ် သူတို့ လောကအကြောင်းကို စာရေးသူက ဂဃနဏ မသိ၍ပေလော မပြောတတ်။ စဉ်းစား၍ မရနိုင်။ နားမလည်နိုင်အောင် ဘဲ ဖြစ်ရပါတယ်။ ဘာကြောင့်များ သည်ပျိုပျိုရွယ်ရွယ်၊  ချောမော တင့်တယ်တဲ့ ရုပ်သွင်ပိုင်ရှင် မိန်းကလေးများဟာ ဒီလို မသန့်မရှင်း မစင်ကြယ်တဲ့ အလုပ်တွေကို ရွေးချယ် လုပ်ကိုင်နေ ကြပြီး လောဘ အလိုဆန္ဒကို လိုက်နေကြပါလိမ့်မယ် ဆိုတဲ့ မေးခွန်းကလည်း ဦးနှောက်ထဲ တရစပ် တိုးဝင်နေခဲ့တာ ကြာခဲ့ပါပြီ။

သူတို့လေးတွေဟာ လောဘအလိုဆန္ဒတွေရဲ့ သားကောင်လေးတွေလား။ ကံကြမ္မာဆိုးရဲ့ သားကောင်လေးတွေလား။ ဒါမှ မဟုတ် ပန်းချိုးတတ်သူ လူယုတ်မာတွေရဲ့ သားကောင်တွေ များလား တွေးတောစရာ တစ်ပုံတစ်ပင်ပဲ စာရေးသူ ခေါင်းထဲရောက်လာပြီး ဦးနှောက်ကို အလုပ်ရှုပ်စေခဲ့တာလည်း အကြိမ်ကြိမ်အဖန်ဖန်ပါ။ တကယ်တော့ ကမ္ဘာကြီးမှာ ရုပ်ဝတ္ထ ၊ ပစ္စည်းတွေ၊ နည်းပညာတွေ တနည်းအားဖြင့် ရုပ်လောကကြီး ထိန်းမနိုင်သိမ်းမရ တိုးတက်လာခြင်းက ယခုလို ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးက တောကလုံမတွေကိုလည်း သနပ်ခါး ပါးကွက်ကျားကို စွန့်ပစ်ခဲ့ပြီး မိတ်ကပ်နဲ့ ဘော်ဒီလိုးရှင်းကို လိမ်းကျံစေခဲ့ပါပြီ။ ကျေးလက်က ယာသမားလေး ဖိုးထောင်တို့ကိုလည်း စလောင်းဖုံးက ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ ကြည့်ပြီး လောင်းကစားတွေ၊ ဖိုးကပ်(စ်)တွေ ရိုက်တတ်၊ ကစားတတ်စေခဲ့ပါတယ်။ ခုဆို တစ်ချိန်က အရှေ့တောင်အာရှရဲ့ ဆန်အိုးသဖွယ်ဖြစ်ခဲ့တဲ့ အမိမြန်မာပြည်ကြီးမှာ လယ်လုပ်မယ့် ယာသမားလူငယ် လူရွယ်လေးတွေ နိုင်ငံခြားထွက်ပြီး အလုပ်လုပ် ငွေရှာနေကြလို့ လယ်လုပ်မယ့် လူငယ်တွေရှားပါးပြီး တိုင်းပြည်ရဲ့ လယ်ယာ လုပ်ငန်းကို ထိခိုက်စေခဲ့ပြန်တာလည်း ဒီဂလိုဘယ်လိုက်ဇေးရှင်းကြောင့်လို့ ထင်ပါတယ်။

ခု စာရေးသူအထက်မှာ ထောက်ပြခဲ့တဲ့ ဒီ သွေးသားရောင်းဝယ် ဖောက်ကားခြင်း လုပ်ငန်းက မိန်းကလေးတွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ရုပ်လောကကြီးက နေ့စဉ်နဲ့အမျှ တိုးတက်နေတယ်။ ခေတ်ပေါ် နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေကလည်း ဒီနေ့တစ်မျိုး၊ နောက်တစ်နေ့ နောက်တစ်မျိုး၊ မရိုးနိုင်အောင် ထွက်ရှိနေပါတယ်။ အဲဒီ ရုပ်ပစ္စည်းတွေအပေါ် တပ်မက်လိုချင်တဲ့ စိတ် ဖြစ်ပေါ်လာမိရင် ကရွတ်ကွင်း ကင်း လျှောက်သလို အဆုံး မရှိနိုင်ပါဘူး။ အဲဒီ ရုပ်ပစ္စည်းတွေရဲ့ ဆွဲဆောင်မှုကြောင့် ဒီအမျိုးသမီးကောင်းလေးတွေ ပျက်စီးရတာလည်း ဖြစ်နိုင်ကောင်းပါတယ်။ နောက်တစ်ခုက ပန်းချိုး လက်ပိုင်ရှင်၊ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ လူအယုတ်တမာတွေရဲ့ စနစ်ကျကျ ဖျက်ဆီးခံရတဲ့ သူကလေးတွေလည်း အဲဒီအထဲ ဒုနဲ့ဒေး နေမှာပါ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စာရေးသူနဲ့ ခင်မင်ရင်းနှီးတဲ့ ဆရာနှစ်ယောက် မလေးရှားရောက် ဒုက္ခရောက်နေကြရှာတဲ့ မြန်မာ မိန်းကလေးတွေကို ကူညီဖို့ သူတို့ ကြိုးစားခဲ့ကြဖူးပါတယ်။ သူတို့ အကြံအစည်ကလေးက တမူထူးခြားပြီး စိတ်ဝင်စားစရာပါ။ ဒါပေမယ့် အဲဒီ အကြံအစည်လေးကို သူတို့ စတင် အကောင်အထည်ဖော်ပြီး သိပ်မကြာခင်မှာပဲ သူတို့ထဲက ဆရာတစ်ယောက် ရုတ်တရက် ဆုံးပါးသွားတဲ့အတွက် လမ်းခုလတ်မှာပဲ ရပ်တန့်သွားခဲ့ပါတယ်။ စာရေးသူ အကျဉ်းချုံး ပြောပြပါ့မယ်။ ၂ဝဝ၈ ခုနှစ်လောက်က ဂျိုဟိုးတို့၊ မလက္ကာတို့ဘက်မှာ စီးပွားပျက်လို့ အလုပ်ရုံတွေပိတ်၊ အလုပ်သမားတွေ အိမ်ပြန်ဖို့ လုပ်ကြတော့ အကြွေးမကျေသေးလို့ အိမ်မပြန်နိုင်ရှာကြတဲ့တချို့မြန်မာမိန်းကလေးတွေဟာဒီက နိုင်ငံသားတွေရဲ့ ဖြားယောင်းသွေး  ဆောင်ခံရတာတွေ၊ လှည့်စား ခြေတော်တင် ခံရတာတွေ ကြားသိရတော့ အဲဒီ ဆရာနှစ်ဦးဟာ ရင်ထုမနာဖြစ်ပြီး အဲဒီမိန်းကလေးတွေကို ဒီမှာ ရောက်နေကြတဲ့ မြန်မာအမျိုးသား မိကောင်းဖခင် သားလေးတွေနဲ့ လက်ဆက်ပေးဖို့ ကြိုးစားခဲ့ကြတာပါ။ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ့်မြန်မာ အမျိုးသမီးကောင်းလေးတွေ ဒီနိုင်ငံသားတွေရဲ့ အငယ်အမြှောင် မယားတွေ မဖြစ်ရအောင် တားဆီးဖို့ပါပဲ။ ဒါနဲ့ အဲဒီ ဆရာ နှစ်ယောက်ပေါင်းပြီး ဖူးစာရှင်ကလပ် (Perfect Match Club) ဆိုပြီး အဖွဲ့အစည်းလေး တည်ထောင်ကာ မြန်မာ မိန်းကလေးတွေနဲ့ ယောင်္ကျား ကလေးတွေကို ချိတ်ဆက် အောင်သွယ်  ပေးတဲ့ အောင်သွယ်တော် အလုပ်ကို လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ လုပ်လည်း လုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆရာတစ်ယောက် ဆုံးပါးသွားလို့ သူတို့ ရည်မှန်းချက် ဆုံးခန်းမတိုင်ခဲ့ရပါဘူး။

စာရေးသူတို့လည်း မလေးရှားရောက် မြန်မာ မိန်းကလေးတွေရဲ့ အခက်အခဲ၊ ဒုက္ခတွေကို စာနာကူညီဖို့ တတ်နိုင်သမျှ ကြိုးစားကြပေမယ့် ထိထိရောက်ရောက် မကူညီနိုင်လို့ စိတ်မကောင်း ဖြစ်ရပါတယ်။ တစ်ခါတစ်လေတော့လည်း ဒီနိုင်ငံသား ကာမ မုဆိုးများဟာ တခြား နိုင်ငံသူတွေလို မဟုတ်ဘဲ ရိုးသားတဲ့ လှပတဲ့ ဒီသွေးသားရောင်းဝယ်ရေး လုပ်ငန်းတွေမှာ နာမည် လုံးဝ မထွက်သေးတဲ့ မြန်မာမိန်းကလေးတွေကို ပစ်မှတ်ထားပြီး ရှာဖွေနေကြောင်း သိရပါတယ်။ ဒါကြောင့် မြန်မာ မိန်းကလေးတွေ၊ အမျိုးကောင်း သမီးလေးတွေ ခုလို တိုင်းတစ်ပါး သူစိမ်းတရံဆံတွေကြားမှာ သတိကြီးစွာထားပြီး ကိုယ့်နိုင်ငံတိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကိုရော၊ ခေတ်အဆက်ဆက် ရှေးမြန်မာအမျိုးသမီးကြီးတွေ ထိန်းသိမ်းခဲ့ကြရတဲ့ မြန်မာ မိန်းကလေးတွေရဲ့ ဂုဏ်သိက္ခာကိုပါ တတ်စွမ်းသမျှ ထိန်းသိမ်းကြဖို့ ဆန္ဒပြုချင်ပါတယ်။ ရိုးသားဖြူစင်စွာ ရရှိတဲ့ ဝင်ငွေကိုပဲ တန်ဖိုးထားစေလိုပါတယ်။ သည်တိုင်းပြည်မှာ ရုပ်ဝတ္ထုပစ္စည်းတွေဟာ စွဲမက်ဖွယ်ရာ ကောင်းပေမယ့် အဲဒါတွေကို မက်မောမိရင် အထက်မှာ စာရေးသူ ပြောခဲ့တဲ့ “ကရွတ်ကွင်း ကင်းလျှောက်” သလို အဆုံးမရှိနိုင်ပဲ မိမိတို့ ဘဝတွေသာ မရေမရာနဲ့ တန်ဖိုးကျသွားမယ်ဆိုတာ သတိရှိကြစေလိုပါတယ်။ နောက်ပြီး အချိန်အကြာကြီးလည်း သူများတိုင်းပြည်မှာ မနေကြဖို့၊ အချိန်တန်လို့ ရည်မှန်းချက်တွေ ပြည့်တဲ့အခါ အိမ်ပြန်ကြပါလို့ တိုက်တွန်းခဲ့ချင်ပါတယ်။

နိဂုံးချူပ်အနေနဲ့ အထက်က ကိုးသုံးလုံး အစီအစဉ်ထဲက အဲဒီ ကာရာအိုကေ၊ ညကလပ်တွေနဲ့ အနှိပ်ခန်း အလုပ်တွေကို ဘယ်လိုပဲ ငွေကြေးနဲ့ပဲ မျှားမျှား သွားရောက် အလုပ်မလုပ်ကြဖို့ သတိ ပေးခဲ့ပါရစေ။ ခုထိတော့ စာရေးသူ ပုံမှန်ကြည့်ရှုနေခဲ့တဲ့ အဖမ်းအဆီး စာရင်းထဲမှာ မြန်မာမိန်းကလေးတွေ ပါမလာသေးတဲ့အတွက် စိတ်ထဲ ဖြေသိမ့်နေနိုင်သေးပေ မယ့် ဘယ်တော့များ ပါလာလိမ့်လေမလဲလို့ ရင်တမမနဲ့ ပူပပန်နေရ ဆဲပါ။ အဲဒါကြောင့် မြန်မာ မိန်းကလေးတွေ ဘယ်လို အကြောင်းနဲ့ပဲ နိုင်ငံခြားကို ရောက်ရောက် ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ရင်း ကိုယ့်အမျိုးဂုဏ်ကိုပါ ကာကွယ် စောင့်ရှောက်နိုင်ကြပါစေ။ လိမ္မာရေးခြား ရှိကြပါစေလို့ စာရေးသူ ဆန္ဒပြုခဲ့ပါရစေ။

 

 

Posted on March 26, 2011, in ဆောင်းပါးကဏ္ဍ. Bookmark the permalink. 1 Comment.

  1. စင်ကာပူရောက်နေတဲ့မိန်းမတွေပိုလိုတောင်ဆိုးသေး
    လုံးဝကို ခေတ်မှီချက်ကတော့……. နှာထဖို့ဆိုရင် ထိပ်ဆုံးကပဲ

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: