နိုင်ငံသားမှန်လျှင် နိုင်ငံရေး၌ ပါဝင်ဆင်နွှဲသင့်သည်

စာရေးသူ – ခိုင်မျိုးဆက်

သဘာဝအရ၊ လူသည် မွေးရာပါ အတ္တဗဟိုလ်ပြု ဗီဇများနှင့်အတူ၊ လူ့လောက၌ ရှင်သန် ကြီးပြင်းလာခဲ့ကြရသည်။ သို့ဖြစ်ရကား လူသားအဖို့ မိမိတို့၏ အတ္တအကျိုးနှင့် ပတ်သက်၍ အထူးတလည် လေ့ကျင့် သင်ကြားပေးနေစရာမလိုအပ်ဘဲ အလိုအလျောက် တတ်မြောက် နားလည်ထားပြီး ဖြစ်သည်။

သို့လင့်ကစား လူသည် အထီးကျန် ကျွန်းတကျွန်းမဟုတ်ပါ (No man is an Island) ဟူသည့် ဆိုရိုးစကားအတိုင်းပင် လောကအလယ်တွင် လူသည် တစ်ယောက်တည်း ထီးထီးကြီး ရပ်တည်၍ မရစကောင်းပေ။ ထို့ကြောင့် လူသားသည် အပေါင်းအဖော်များနှင့် စုဖွဲ့၍ Community ဖြင့်သာ နေထိုင်ကြရသည်။ ဤသို့ဖြင့် မိမိတစ်ဦးတည်းမှသည် မိသားစု၊ ကျေးရွာ၊ မြို့၊ ခရိုင်၊ တိုင်း၊ နိုင်ငံဟူ၍ အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ် တိုးတက် လာခဲ့ရသည်။ ဤနည်းအားဖြင့် မိသားစုအတွင်း နေထိုင်ကြစဉ်၊ မိသားစုရေးရာ ကိစ္စအရပ်ရပ်ကို မိသားစုဝင် အားလုံးက တက်ညီလက်ညီဖြင့် ဝိုင်းဝန်း လုပ်ဆောင်ကြရသည်။

ထိုမှတဖန် သတင်းမီဒီယာသည်လည်း နိုင်ငံတစ်နိုင်ငံ၏ စတုတ္ထမဏ္ဍိုင် ဖြစ်သည် မဟုတ်ပါလား။ လွတ်လပ်စွာ ဝေဖန်ရေးသားခြင်းများ မပြုသရွှေ့ နိုင်ငံ၏ အားနည်းချက်၊ အားသာချက်များကို မည်ကဲ့သို့ သိမြင်နိုင်မည်နည်း။ ၎င်းအပြင် သတင်းမီဒီယာသမားများ သည်လည်း မိမိတို့ သတင်းဂျာနယ်သည်သာ နိုင်ငံရေးနှင့် သက်ဆိုင်သော သတင်း မီဒီယာသမားများ ဖြစ်သည်။ တစ်ခြား/တစ်ဦးသည် နိုင်ငံရေးနှင့် မသက်ဆိုင်ဟု ထင်မြင်ယူဆခြင်းသည် လွဲမှားစွာ ယူဆချက်များသာ ဖြစ်ပါသည်။

အထူးသဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံသား အားလုံးက နိုင်ငံရေးတွင် မဖြစ်မနေ ပါဝင် ဆောင်ရွက်ရသည်။ အနိမ့်ဆုံးအနေဖြင့် မဲပေးသူ Voter အဖြစ် ပါဝင် ဆောင်ရွက်ကြရသည်။ ထို့ကြောင့် နိုင်ငံရေး သုခမိန် တစ်ဦးက “ နိုင်ငံသားတိုင်း နိုင်ငံရေး သမားဖြစ်သည်” ဟု မိန့်ဆိုခဲ့ဖူးသည်။

ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံသား နှစ်မျိုးနှစ်စားကို တွေ့ရှိရသည်။ ၎င်းတို့မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ (Activist) နှင့် ထောက်ခံအားပေးသူ (Sympathizer) တို့ ဖြစ်ကြသည်။ ယခုအခါ နိုင်ငံရေးသမားဟု အများက ခေါ်ဆိုခံနေရသူများနှာ Activist များ ဖြစ်ကြသည်။ တနည်းအားဖြင့် နိုင်ငံရေးသမားများမှာ လက်ဝှေ့ကြိုးဝိုင်းပေါ်က ယှဉ်ပြိုင်တိုက်ခိုက်ကြသူ (Boxer) များနှင့်တူ၍ အားပေးထောက်ခံသူ (Sympathizer) များမှာမူ လက်ဝှေ့ပွဲကို လာရောက် ကြည့်ရှုကြသည့် ပွဲကြည့်ပရိသတ် (Spectator) များနှင့် ဆင်တူကြသည်။ သို့ဖြစ်ရကား ကိုယ်တိုင်တက်ကြွစွာ ပါဝင် မလှုပ်ရှားသရွှေ့ နိုင်ငံရေးသမား ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။ ထို့ပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားများကသာလျှင် နိုင်ငံရေးအာဏာ (ဝါ) တိုင်းရေးပြည်ရာ စီမံခန့်ခွဲမှု အာဏာကို ရရှိနိုင်သည်။

နိုင်ငံရေးသမားဟူသည် မိမိ၏ အတ္တအကျိုးတစ်ခုတည်းကို အခြေမခံပဲ ပရအကျိုးကို မျှော်ကိုး၍ လုပ်ဆောင်တတ်ကြသူများ ဖြစ်သည်။ အခြေအနေက တောင်းဆိုလာသည့်အခါ လူများ ကောင်းကျိုးချမ်းသာ ရရှိရေးအတွက် မိမိဘဝ၊ မိမိ အသက်ကိုပါ စတေးကြရသည်။ ထို့ကြောင့် နိုင်ငံရေးသမားကောင်း တစ်ယောက်သည် ဘယ်သောအခါမျှ တကိုယ်ကောင်းဆန်သူ (Selfish Person) မဖြစ်စေရ၊ အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်၍ အနစ်နာခံသူ (A Person of Sacrifice) သာ ဖြစ်ရမည်။ အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရန် တော်ရုံတန်ရုံသတ္တိမျိုးနှင့် မရနိုင်ချေ။ ယင်းအတွက် မွေးရာပါ ဗီဇဓာတ်ခံများ လိုအပ်ပေသည်။ ယင်း ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ်သည် ပရဟိတစိတ်ဖြစ်၍ အတ္တဟိတ စိတ်ထက် များစွာ အဆင့်မြင့်သောကြောင့် လူတိုင်း ပြုနိုင်ခဲ့သော အကျင့်ကောင်း အကျင့်မြတ် ဖြစ်သည်။ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ်မရှိဘဲ နိုင်ငံရေး လုပ်ကိုင်သူသည် ဘယ်သောအခါမျှ နိုင်ငံရေးသမားကောင်း တစ်ယောက် ဖြစ်မလာနိုင်ချေ။ နိုင်ငံရေးကို မိမိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းသဖွယ် လုပ်ကိုင်၍ ယင်းလုပ်ငန်းဖြင့် ဝင်ငွေရှာခြင်း (Money Politic) ကို မြန်မာနိုင်ငံရေး လောကတွင် နိုင်ငံရေးလုပ်စားသူ ဟု ခေါ်ဝေါ်ခဲ့ကြ သည်။ ထိုသို့ နိုင်ငံရေးလုပ်စားသူ (Money Politic) သမားများသည် ဘယ်တော့မှ နိုင်ငံရေးသမားကောင်း တစ်ယောက် ဖြစ်မလာနိုင်ပဲ လမ်းခုလပ်တွင် ကျဆုံးရမည်မှာ ဧကန်မုချ ဖြစ်သည်။

စင်စစ် နိုင်ငံရေးသမားကောင်း တစ်ယောက် ဖြစ်လာစေရန် အရည်အချင်းကောင်းများ လိုအပ်သည်။ ထို့ပြင် ဒီမိုကရေစီ နိုင်ငံဖြစ်လာစေရန် နိုင်ငံရေးသမားများသာမက နိုင်ငံသား အများစုက နိုင်ငံရေးကို စိတ်ဝင်စား၍ အားပေးထောက်ခံသူ (Sympathizer) နှင့် မဲပေးသူ (Voter) များအဖြစ် ပါဝင် ဆောင်ရွက်ကြရသည်။ ၎င်းအပြင် နိုင်ငံသားများ အနေဖြင့် မိမိတို့ကို အုပ်ချူပ်ရန်အတွက် အခြေခံဥပဒေများ ရေးဆွဲရာ၌လည်း ၎င်း ဥပဒေသည် တရားမျှတမှု ရှိမရှိ၊ ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်သော ဥာဏ်အမြော်အမြင်များ ရှိရန် လိုအပ်ပေသည်။ အုပ်ချူပ်သူများ အလိုကျ တဖက်သတ် ရေးဆွဲထားသော ဥပဒေကို အတည်ပြု ထောက်ခံမိလျင် မိမိ လည်ပင်းကို မိမိ ကြိုးစွပ်သည်နှင့်ပင် တူပေလိမ့်မည်။

အတိတ်သမိုင်းတွင် နိုင်ငံရေး အာဏာကို ရှင်ဘုရင်တစ်ဦးတည်းက မောင်ပိုင်စီး၍ ထင်ရာ စိုင်း အုပ်ချူပ်ခဲ့ကြသည်။ နယ်ချဲ့ အင်္ဂလိပ်လက်အောက်သို့ ကျရောက်သွားသော အခါ နိုင်ငံရေး အာဏာကို အင်္ဂလိပ်တို့ ရရှိခဲ့ပြီး ၎င်းတို့ စိတ်ကြိုက် ချယ်လှယ်ခဲ့ကြပြန် သည်။ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ဆယ်စုနှစ် တစ်စုအကြား ဒီမိုကရေစီ ရှင်သန်ခွင့် ရရှိခဲ့သည်။ ၁၉၆၂ ခုနှစ်သို့ ရောက်သောအခါ၌မှု နိုင်ငံရေး အာဏာစက်တရပ်လုံးကို ဦးနေဝင်းက အပိုင်စီး၍ ကြိုးကိုင်ချယ်လှယ်ခဲ့သည်။

ထိုအချိန်မှစ၍ တိုင်းရေးပြည်ရာ စီမံခွင့်အာဏာမှာ ပြည်သူလူထုနှင့် လားလားမျှ မသက်ဆိုင်တော့ရုံ သာမက ပြည်သူလူထုတရပ်လုံးမှာ အာဏာရှင် ဦးနေဝင်း၏ နိုင်ငံရေး သြဇာခံ ဘဝသို့ အလိုအလျောက် ကျရောက်သွားခဲ့ရသည်။

ထိုအခါ နိုင်ငံတော် ကောင်းစားရန်အတွက်၊ အပြုသဘောဆောင် ဝေဖန်ပြောဆို သူများကိုပင် နိုင်ငံရေးပုဒ်မဖြင့် စွဲချက်တင်၍ နှစ်ရှည် ထောင်နန်းစံမြန်းစေခဲ့ရသည်။ ထို့ကြောင့် နောင်အခါ နိုင်ငံသားများက နိုင်ငံရေးဟူသော စကားလုံးကို နားကြော စိမ့်လောက်အောင် ကြောက်ရွံ့ သွားကြတော့သည်။ ထိုမျှသာမက နိုင်ငံရေး ဟူသည် ထောင်နန်း စံရခြင်း၊ ဘဝပျက်ခြင်းမျှသာ ဟူ၍ နားလည် သဘောပေါက် သွားခဲ့ကြသည်။ ဤသို့ဖြင့် နိုင်ငံရေးဟူသော စကားလုံးမှာ မူရင်း အနှစ်သာရနှင့် ဖီလာဆန့်ကျင် ဖြစ်သွားပြီး မူလအဓိပ္ပာယ်များ ရွှဲ့စောင်း ပျက်စီးသွား ခဲ့ရသည်။

စင်စစ် နိုင်ငံရေးဟူသည် ဧကဝဏ္ဏ သဘောအရ စကားလုံး တစ်လုံးချင်းစီတွင် ပါရှိသည့် အဓိပ္ပာယ်အတိုင်း နိုင်ငံသားများ ဆောင်ရွက်ရမည့် အရေးကိစ္စများဖြစ်သည်။ ထို့ကြောင့်  နိုင်ငံသား မှန်က နိုင်ငံရေးကို မဖြစ်မနေ ပူးပေါင်း ပါဝင် လုပ်ကိုင်သင့်သည် ဟု စာရေးသူ အနေဖြင့် အလေးအနက် ခံယူမိပါသည်။

Advertisements

Posted on April 2, 2011, in ဆောင်းပါးကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: