ချိန်တန်ပြီလား မလေးရှား

စာရေးသူ – မန်းကိုကို

ဇူလိုင် ၉ ရက်နေ့မှာ မဲရွေးချယ်မှုတရားမျှတရေးခေါင်းစဉ်နဲ့ လူပေါင်းသောင်းချီပြီး ကွာလာလန်ပူမြို့ထဲမှာ ဆန္ဒပြ ခဲ့တာ ကြားသိကြမှာပါ။ သံယောဇဉ် နက်နက်နဲနဲရှိလှတယ် မဟုတ်ပေမယ့် ဘဝရဲ့ ဆယ်စုနှစ် တစ်ခုနီးနီး အချိန်အကုန် ခံခဲ့တဲ့ နေရာဒေသမို့ မေ့လို့မရပဲ မကြာခဏစိတ်ထဲ ကြုံရင် ကြုံသလို ပြန်ဝင်လာတတ်ရာက အခုဖြစ်သွားတဲ့ဖြစ်ရပ်က အရင် သိထားမိတာတွေနဲ့ တွဲယှဉ် စဉ်းစားစရာတွေ ဖြစ်လာပါတယ် ။

မလေးရှားလို့ဆိုရင် လူတွေရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်ပေးနိုင်ခဲ့တဲ့ အကြောင်းရင်း နောက်တစ်ခုကတော့ မကြာခင်က ထွက်လာခဲ့တဲ့၊ သြစတြေးလျရဲ့ ခိုလှုံသူအယောက် ၄,၀၀၀ လက်ခံမယ်ဆိုတဲ့သတင်းကြောင့်ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီသတင်းကြောင့် ယိုးဒယားခိုလှုံရာစခန်းတွေမှာ တတိယနိုင်ငံထွက်ဖို့ မစောင့်နေနိုင်တော့လို့ မလေးရှားကို သွားချင် သူတွေတောင် ရှိတယ်လို့ ကြားမိလိုက်ပါသေးတယ်။ အဲဒီလိုအတွေးဝင်မိသူတွေ မျောက်သစ်ကိုင်း လွတ်နိုင်တဲ့ အရေး တွေးပြီး ရင် တော့လေးပါတယ်။

မလေးရှားအကြောင်းရေးမယ်ဆိုတော့ သိထားတာတွေက ဟိုတစ်ပိုင်း သည်တစ်ပိုင်းနဲ့မို့ ဆက်စပ်ရတာ အခက်သားပါ ။ နောက်ပြီး အမှန်အတိုင်းပြောရရင် လက်ရှိ မလေးရှားရောက်နေသူ အများစုလိုပါပဲ ၊ ကျနော်လည်း အောက်ခြေ အလုပ် သမား ဘဝမှာတင် အချိန်တွေ အကုန်များခဲ့ပြီး နိုင်ငံ့ရေး ရာတွေ ကိုတော့ Star သတင်းစာမှာ ပါတာတွေနဲ့ နိုင်ငံသား မိတ်ဆွေတွေ ပြောသလောက်တင် ကွက်ကွက်ကလေး သိခဲ့ပါတယ်။ ပိုကျယ်ပြန့်ပြီး ဘေးကနေမြင်တဲ့ သုံးသပ်ချက်တွေ ကိုတော့ အဲဒီနိုင်ငံကို စွန့်ခွာခဲ့ပြီးနောက်ပိုင်းမှ သိလာရတာ များပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် မလေးရှားလို့ဆိုလိုက်တာနဲ့ ပထမဦးဆုံး အတွေးထဲဝင်လာတာတွေတော့ ရှိပါတယ်။ တဆက်ထဲမှာပဲ ယိုးဒယားက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ရွေးချယ်ထားတဲ့ စကားစုနဲ့လဲ တွဲပြီး သတိရမိပါတော့တယ် ။ အဲဒါကတော့ “Amazing Thailand” ပါတဲ့ ။

မလေးရှားမှာလည်း အံသြကုန်နိုင်ဘွယ်ရာတွေ အသင့်အတင့် ရှိပါတယ် ။

ဥပမာ ၂၀၀၇-၂၀၀၈ လောက်မှာ အမေရိကန်လုပ် ဂျက်တိုက်လေယာဉ်နှစ်စင်းက အင်ဂျင်တွေပျောက်ဆုံး သွားခဲ့တာ မျိုးပေါ့ ဗျာ။ ဂျက်တိုက်လေယာဉ်ရဲ့အင်ဂျင်ဆိုတာ ပဲလှော်နဲ့လဲစားတဲ့ ဒန်ခွက်မှ မဟုတ်တာနော၊ မထူးရင်တောင် ဆန်းတော့ ဆန်းတာ သေချာပါတယ်။

နောက်ထပ် မှတ်မှတ်ရရ ထူးဆန်းတာတစ်ခု ရှိပါသေးတယ်။ ကျနော်နေခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေထဲတင် မာဒေးကား (Merdeka – လွတ်လပ်ရေး) ကွင်းအရှေ့က Sultan Abdul Samad Building အဆောက်ဦကြီးဟာ မီးနှစ်ကြိမ်တောင် လောင်ခဲ့ပါတယ် (Wikipedia မှာတော့ တစ်ကြိမ်ပဲ ပါပါတယ်)။ အဲဒီအဆောက်အဦဟာ သမိုင်းဝင် အဆောက်အဦဖြစ်သလို၊ မလေးရှား ရင်းဂစ်ငွေ သန်းပေါင်းများစွာ အကုန်ခံပြီး ပြင်ထားတာ မကြာသေးရုံမက၊ အရင်တုန်းက မီးတစ်ခါမှ မလောင်ခဲ့ပဲနဲ့ ကျနော်ရှိနေစဉ် အတွင်းကျမှ၊ နှစ်နည်းနည်းပဲခြားပြီး မီးနှစ်ခါလောင်ခဲ့တာ ထူးတော့ ထူးသလို ခံစားမိခဲ့ပါတယ် ။

အဲဒီ အဆောက်အဦနဲ့ ပတ်သက်လို့ ပြောဖို့ကျန်သွားတာက အဲဒီနေရာဟာ ဖက်ဒရယ်တရားရုံး ၊ တရားရုံးချုပ်နဲ့ အခြား တရားရုံးတွေကနေ တရားခွင်ကျင်းပရာနဲ့ စာရွက်စာတန်းတွေ သိမ်းဆည်းထားရာ နေရာ လည်း ဖြစ်ပါတယ်။ ကျနော့် မိတ်ဆွေ “မလေး” ကောင်လေးတစ်ယောက်ပြောမှ ရှင်းသလိုဖြစ်သွားပါတယ်။ “အဲဒါ အမှုဖျောက်ချင်သူတွေက မီးရှို့ လိုက်တာ” တဲ့။ ကောင်းရော။ တရား ဝင်ကြေငြာချက်မှာတော့ ဝါယာရှော့ ဖြစ်တယ်ပေါ့ဗျာ။ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ လူမပြတ်တဲ့နေရာ၊သမိုင်းဝင်ပြီး အရေးကြီးတဲ့နေရာ၊ မကြာခင်ကမှ ပြင်ဆင်ထားတဲ့နေရာမှာ မီးနှစ်ခါလောင်  စေနိုင်လောက် တဲ့ အကြောင်းရင်းကို မသိရပေမယ့် “amazing Malaysia” လို့သာ ပြောလိုက်ချင်ပါ တယ် ။

အခြား အံ့သြဘွယ်ရာတွေလည်း ရှိပါသေးတယ် ။

ဥပမာ၊ လက်ရှိဝန်ကြီးချုပ်ဟာ မွန်ဂိုလီးယားအမျိုးသမီးတစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်နေပေ မဲ့ နိုင်ငံရေး မှာ (အလွယ်တကူ) မားမားမတ်မတ် ဆက်ရပ်နေနိုင်တာမျိုး၊ လက်ရှိအ တိုက်အခံခေါင်းဆောင် အန္နဝါအီဗရာဟင် (Anwar Ibrahim) ကို အရင် (ဖားတစ်ပိုင်း ငါးတစ်ပိုင်း အာဏာရှင်) ဒေါက်တာမဟာသီရဲ့ အစီအမံနဲ့ ပထမဆုံးအကြိမ် ဖမ်းဆီးခဲ့စဉ်က ရဲချုပ်ကိုယ်တိုင်က လက်သီးနဲ့ထိုးခဲ့တာမျိုး၊ လက်ရှိ (လက်ဝါးကြီးအုပ်) အာဏာရပါတီရဲ့ အစိုးရကို ဆန့်ကျင်ပြောဆို တဲ့ပြည်နယ် ပါလီမန်ထဲက အတိုက်အခံ ကိုယ်စားလှယ်တွေကို ရဲတွေနဲ့ အတင်းအဓ္ဓမ ဆွဲခေါ်ထုတ်သွား တာမျိုးတွေပေါ့ဗျာ ။ မကောင်းမြင်တယ်လို့ စွပ်စွဲရင်လဲ ခံရမှာပဲ ၊ သိသာလွန်းတာတွေမို့ တန်းပြီး သတိရမိတာတွေ ကို ပြောတာပါ ။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့အကျင့်ပျက် ခြစားမှုစာရင်းမှာ အဆင့် ၅၆ (၂၀၁၀) မှာရှိနေတဲ့နိုင်ငံအတွက် သိပ်တော့ မဆိုးလှ ဘူး လို့ ဖြေသာလို့ရနိုင်တာလေးတွေလည်း အများကြီးရှိပါတယ် ။

အထူးသဖြင့် အာဏာရှင်ဆန်တယ်လို့ အစွပ်စွဲခံရတဲ့ ဒေါက်တာမဟာသီလက်ထက် ၂၂ နှစ် (၁၉၈၁-၂၀၀၃) အတွင်းမှာ နိုင်ငံတိုးတက်မှုတွေ သိသိသာသာရှိခဲ့တယ်လို့ ယေဘုယျ ဆိုနိုင်ပါတယ်။ သူ့ရဲ့ အစီအမံတွေကြောင့် တောင်ကိုရီးယားနိုင်ငံနဲ့ အသင့်အတင့်ဆင်တူတဲ့ စက်မှုလုပ်ငန်းငယ် ကဏ္ဍ တိုးတက်ဖြစ်ထွန်းမှုတွေက သက်သေခံနေပါတယ်။ ဒါကြောင့်လည်း အဲဒီစက်မှု လုပ်ငန်းငယ်တွေကိုဖြည့်ဆည်းဖို့ အလုပ်သမားတွေ လိုအပ်လာရာက၊ မြန်မာပြည် အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ အတောမသတ် ရောက်လာကြတာ တွေ့သိကြမှာပါ ။ ခုတော့ UNHCR ရဲ့ ၂၀၀၉ ခန့်မှန်းချက် အရ မြန်မာပြည်သူပြည်သား ၅၀၀,၀၀၀ လောက် ရှိနိုင်တယ် လို့ သိရပါတယ် ။

အဲဒီငါးသိန်းကို များတယ်ထင်ရင်တော့ အင်ဒိုနီးရှားကနေဝင်လာတဲ့ လူအရေ အတွက်နဲ့ နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။ ၁၉၉၀ ခုနှစ်ကျော်လောက်ကတည်းက အင်ဒိုနီးရှားက လာပြီးအခြေချသူတွေနဲ့ လာအလုပ် လုပ်သူတွေ စုစုပေါင်း ခန့်မှန်းခြေ နှစ်သန်းလောက်ရှိတယ်လို့ မလေးမိတ်ဆွေများက ပြောကြ ပါတယ်။ ကျနော်တို့ အလုပ်ရုံ စက်ရုံတွေမှာလည်း မလေး-အင်ဒို မိဘတွေက မွေးဖွားလာသူတွေကို တွေ့ရသလို သွားသွားလာလာနဲ့ အလုပ်လာလုပ်သူတွေလည်း အများကြီးပါပဲ။ သူတို့ရဲ့ပြဿနာကတော့ ပညာရေးဖက်မှာ အင်မတန်အားနည်းပြီး ဒါးပြမှုအပါအဝင် ဥပဒေချိုးဖောက်မှုအချိုးမှာ ဒေသခံနိုင်ငံသားတွေထက် မြင့်တာပါပဲ။ အကျိုးဆက်ကတော့ အင်ဒိုနီးရှား မျက်နှာပုံဆိုရင် ရဲတွေရဲ့ အနှောင့် အယှက်ပေးတာ အများဆုံးခံရတော့တာပါ ။

တရားမဝင်အလုပ်သမားချင်းအတူတူ တရုတ်နဲ့ဆင်တဲ့ ကျနော်တို့လိုလူတွေကတော့ ကံမျက်နှာသာ နည်းနည်း ပိုရတယ်လို့ ဆိုရပါမယ်။ ပြောဖို့ကျန်ခဲ့တာက ၁၉၉၀-၉၁ လောက်မှာ ကျနော်တို့ မြန်မာပြည်သူပြည်သား ခန့်မှန်းခြေ ၂၀,၀၀၀ လောက်ပဲ ရှိသေးတာပါ။ အခုခေတ် မလေးရှားရောက် သူတွေ သိချင်မှ သိနိုင်မှာတစ်ခုကတော့ ၁၉၉၀ ခုနှစ် ဝန်းကျင်လောက်အထိ ယိုးဒယား-မလေးရှားနယ်စပ် ကနေ မြန်မာ ပတ်စ်ပို့သုံးပြီး ကားနဲ့တရားဝင် ဝင်လာလို့ရသေးတာ ပါပဲ။ လာဟ်တော့ နည်းနည်း ထိုးရတာပေါ့ဗျာ ။

ပြောရင်းနဲ့ အတော်လေးတော့ လမ်းချော်သွားခဲ့ပါပြီ ။

ပြန်ကောက်ရရင်တော့ မလေးရှားဟာ နိုင်ငံရေးအရ လမ်းဆုံလမ်းခွ ဆီကို ရောက်နေကာင်း ရောက်နေလောက် ပြီလို့ လက်ရှိ အနေအထားတွေက ပြဆိုနေပါတယ်။ လမ်းမချိုးရင်တောင်မှ လမ်းယောင်ယောင် ကလေး ကွေ့သွားဖို့ သေချာ တယ်လို့ မြင်မိပါတယ် ။

မလေးမှာနေစဉ် မသိသာပေမယ့် တဖြည်းဖြည်းသိလာရတာက ဒီနိုင်ငံဟာ တဝက်တပျက် ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ် ဆိုတာပါပဲ။ အဲဒီမှာ နေထိုင်လုပ်ကိုင်စဉ်ကတော့ နိုင်ငံရေး စိတ်ဝင်စားတဲ့ အလုပ်သမားအချို့နဲ့ စကား နည်းနည်း ပါးပါးတော့ ပြောဖူးပါတယ်။ သူတို့ကနေပြီး အစိုးရအဖွဲ့ဝင် အများစုကို မိကျောင်း (buaya) တွေလို့ခေါ်ခဲ့ကြ တာကို ရုတ်တရက်တော့ အံ့သြခဲ့မိပါတယ် ။ (မြန်မာအသုံးအနှုန်းနဲ့ကတော့ “စားဖားကြီး” လို့ ဖလှယ်လို့ ရနိုင်ပါလိမ့် မယ်)။ ကျနော်ကတော့ အဲဒါတွေကို အပြစ်မမြင်မိပဲ  မြန်မာပြည်ထက် သာတဲ့ စနစ်ရှိတာမို့လို့ သဘောကျနေခဲ့မိ တာတော့ အမှန်ပါ ။

ခုတော့ သိလာတာတွေလည်းပိုများလာပြီး အမြင်တွေလည်း ပြောင်းခဲ့ပါပြီ။ တက္ကသိုလ်ကျောင်းတွေ မှာ နိုင်ငံရေး လုပ်ခွင့်ပေးဖို့ ကျောင်းသားတွေရဲ့တောင်းဆိုတာ ၊ အပေါ်ကပြောခဲ့တဲ့ အတိုက်အခံတွေ ကို ပါလီမန်ထဲက အတင်းဆွဲ ထုတ်တာ၊ ဆန္ဒပြမှုတွေကို လုံးဝသည်းမခံတာတွေဟာ တဝက်တပျက် ဒီမိုကရေစီဆိုတဲ့စကားစုကို အတည်ပြုပေးနေ တာပါပဲ ။

တဆက်ထဲမှာလည်း အရင်ကသိပေမယ့် သတိမထားမိခဲ့တဲ့ အဖြစ်အပျက်တွေ က ပြန်ပေါ် လာပြန်ပါတယ်။ ဥပမာ၊ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီမိုဟာမက်ဟာ သူအာဏာရှိစဉ်က ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ ကို ဒေါ်လာ တစ်သန်းတန်တဲ့ ကျွန်းသစ်တွေကို လက်ဆောင်ပေးခဲ့တာမျိုး ၊  Internal Security Act ကိုသုံးပြီး အတိုက် အခံတွေကို လိုရင်လိုသလို ဖမ်းထဲ့တာမျိုး ၊ ခုရက်ပိုင်းမှာ တောင်းဆိုကြသလို မဲမသမာမှုတွေ အမှန်တကယ် ရှိနေတာတွေပါ ။

ထပ်ဆင့်ပြီး ရုပ်ဆိုးစေတာကတော့ တာဝန်ရှိသူတွေရဲ့ ဗြောင်ငြင်းတတ်တဲ့  အလေ့တွေပါ ။

အများပြည်သူသိသွားတဲ့အခါမှာ၊ မူဂါဘီကို လက်ဆောင်ပေးတာဟာ ဘာမှားလို့လဲလို့ မဟာသီက ပြောခဲ့ ပါတယ်။ ပါလီမန်ရဲ့ အတည်ပြုချက်မရှိပဲ အလွတ်သဘောပေးခဲ့တာဖြစ်ပြီး ခုထိလက်ဖျားနဲတောင် အတို့မခံရသေးပါဘူး။ မဲ မသမာမှုနဲ့ ပတ်သက်လို့လည်း မဲပေးတဲ့ကာလမှာ အာဏာရပါတီက ဘတ်စ်ကားကြီးငယ်နဲ့ အခြားနေရာက သူတို့ ပါတီဝင်တွေကို  ရွေးကောက်ပွဲ ကျင်းပရာဆီ (ghost vote ထည့်ဖို့) ခေါ်လာရာက သတင်းကြိုရတဲ့အတိုက်အခံတွေက လမ်းပိတ်ထား လို့ ပြဿနာဖြစ်ပြီး သတင်းစာတွေထဲမှာ ပါတဲ့အထိတောင် ဖြစ်ခဲ့ပေမယ့် “ပါတီဝင်တွေကို လေ့လာရေး ခရီး ခေါ်သွား တာပါ”လို့ ဗြောင်ငြင်းပါတယ်။ နောက်တစ်ခု တွေ့မိ တာကတော့ သြစတြေးလျက ရုပ်မြင်သံကြား အစီအစဉ် တစ်ခုမှာပါ။ တာဝန်ရှိတဲ့လူ တစ်ယောက်ကို အင်တာဗျူး လုပ်ရာမှာ မလေးရှားမှာ ခိုလှုံခွင့်တောင်းခံသူ (asylum seeker) တစ်ယောက်မှ မရှိပါဘူးလို့ ငြင်းသွားတဲ့ အကွက်ကို ခုထိမြင်ယောင်တုန်းပါ ။ လူလိမ်မျက်နှာဆိုတာ ဒီလိုပါလားလို့တောင် တွေးနေမိခဲ့ပါသေးတယ် ။

အဆုံးသတ် အတိုချုပ်ကတော့ ၊ မလေးလူမျိုးတွေကို ပထမဦးစားပေး အခွင့်အရေးတွေပေးပြီး ၊တဖက်ကလည်း အလု အယက် အာဏာမြဲဖို့လုပ်ရင်း ၊ တိုင်းပြည်တိုးတက်အောင် မျှလုပ်ဖို့ကြိုးစားနေတဲ့ မလေးရှားနိုင်ငံဟာ ၊ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဘာသာရေးအစွန်းရောက်မှု၊ လူမျိုးရေးနဲ့ အခွင့်အရေးမညီမျှမှု၊ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ လူအချို့လက်ထဲ ပိုပိုမိုမိုရောက်ခဲ့တာကြောင့် လက်ဝေခံစီးပွားရေးသဘောသဘာဝ ထွန်းကားလာခဲ့မှု ၊ ဒေါက်တာမဟာသီ လက်ထက်မှာ အာဏာ ကန့်သတ်ခဲ့တဲ့ ဘုရင်တွေရဲ့ အခန်း ကဏ္ဍ တွေကစပြီး အကြောင်းရင်းစုံကို ဟန်ချက်ညီအောင်လုပ်ရတာဟာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။

တဖက်မှာလည်း ပညာတတ်များပြီး အသိဥာဏ်ပညာ တိုးပွားလာတဲ့  အသင့်အတင့် ချမ်းသာကြွယ်ဝလာတဲ့ မလေးရှားဟာ  ခေတ်နဲ့အညီ စီးဆင်းမျောပါဖို့ တာစူနေပါတယ်။ ဒါကိုဟန့်တားဖို့  လမ်းလွဲအောင်လုပ်ဖို့ဟာ ဘယ်လောက်အထိ ခက်ခဲကြီးမားသလဲ၊ ဘယ်လောက်အောင်မြင်နိုင်မလဲ ဆိုတာတွေ ကတော့ စောင့်ကြည့်ကြ တာပေါ့ဗျာ ။


Posted on July 16, 2011, in ဆောင်းပါးကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: