မလေးရှားရောက် မြန်မာဒုက္ခသည်များ အထူးသတိပြုရန် အချိန်တန်ပြီ

မလေးရှားရောက် မြန်မာဒုက္ခသည်များ အထူးသတိပြုရန် အချိန်တန်ပြီ

အောင်ရဲလင်း (စစ်တွေ)

သိပ်မကြာသေးတဲ့ ရက်သတ္တပတ်တွေကနေ စပြီးတော့ မလေးရှား ဝန်ကြီးချူပ် နာဂျစ်ရဲ့ စီမံချက် (၆) ဆင့်ပါဝင်တဲ့ လုပ်ငန်းစဉ် တစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ ညွှန်ကြားချက် ထွက်လာခဲ့ပါတယ်။ ဒီ ညွှန်ကြားချက်ရဲ့ အဓိကအချက်က မလေးရှားနိုင်ငံမှာ တရားမဝင်နိုင်ငံခြားသား တစ်နေ့ထက်တစ်နေ့ များပြားလာမှုပါ။ အဲဒါတွေကို အဆုံးသတ်ဖို့နဲ့ နိုင်ငံကို သန့်ရှင်းစေဖို့ ဆိုပြီးတော့  တရားမဝင် နိုင်ငံခြားသား အားလုံးကို မှတ်ပုံ တင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်း နှင့် နယ်နှင်ဒဏ်ပေးခြင်း စတဲ့ အဆင့် (၆) ဆင့်နဲ့ ဆောင်ရွက်ဖို့ စီစဉ် လာခဲ့တာပါ။

ဒီလို ဆောင်ရွက်လာစဉ်မှာပဲ ဒီ စီမံချက်တွေဟာ မလေးရှားနိုင်ငံကို ရောက်ရှိ ခိုလှုံနေကြတဲ့ များပြားလှတဲ့ ဒုက္ခသည် တွေလည်း အကျူံးဝင်တယ်ဆိုပြီး နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖော်ပြလာကြပါတယ်။ ဒါ့အပြင် တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို လက်ခံပြီး အလုပ်လုပ်ကိုင်ခွင့်ပေးထားတဲ့ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်တွေနဲ့ လုပ်ငန်းခွင်တွေ အားလုံးကိုလည်း ထိရောက်စွာနဲ့ အရေးယူသွားပေးမယ်လို့ မလေးရှား အာဏာပိုင်တွေက သတင်း ထုတ်ပြန် လိုက်ပါသေးတယ်။ ဒီတော့ ဒုက္ခသည်တွေကို အလုပ်လုပ်ကိုင် ခွင့်ပေးထားတဲ့ လုပ်ငန်းပိုင်ရှင်တွေ အတော်များများကနေပြီးတော့ တရားဝင် အလုပ်သမားတွေ အဖြစ် ဆောင်ရွက်စေဖို့ သူတို့တွေရဲ့ အလုပ်သမား (ဒုက္ခသည်) တွေကို ကမ်းလှမ်း ပြောဆိုလာပါတယ်။ တဆက် တည်းမှာပဲ ဒုက္ခသည်အဖြစ်နဲ့ ဆိုရင် ဘယ်လုပ်ငန်းခွင်မှာမှ လုပ်ကိုင် ခွင့် ပေးမှာ မဟုတ်ဘူး ဆိုပြီး တော့ အလုပ်ရှင်တွေက တစ်သံတည်း ထွက်ပေါ်လာတာပါ။

ဒီပြဿနာဟာ မလေးရှားနိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားတွေနဲ့ အတူ မြန်မာ ဒုက္ခသည် တော်တော် များများကို ဂယက် ရိုက်ခတ်စေပါတယ်။ ဒီလို ဂယက်ရိုက်နေကြစဉ်မှာပဲ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) ကနေ ကြေညာချက် တစ်စောင် ဇူလိုင်လ (၇) ရက်နေ့မှာ ရေးသား ထုတ်ပြန်ခဲ့တယ်။ အဲဒီအထဲမှာ “ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ မလေးရှား အစိုးရ ရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်သွားမှာ မဟုတ်တဲ့အပြင် (UNHCR) ကဒ် ကိုင်ဆောင် ထားသူတွေ အနေနဲ့ (UNHCR) နဲ့ ဆက်သွယ်မှုပြုလုပ်ကြဖို့နဲ့ တရားဝင် ဖြစ်အောင် ဆောင်ရွက်ပေးနေကြတဲ့ အေဂျင့် တွေ၊ ကုမ္ပဏီတွေကို အလုပ်လုပ်ခွင့် တရားဝင် ရရှိရေးနဲ့ လွတ်လပ်စွာ သွားလာနေ ထိုင်နိုင်ဖို့ စတာတွေ အတွက် ပိုက်ဆံ ပေးစရာ မလိုတဲ့အပြင် အဆင့် (၆) ဆင့် စီမံကိန်းထဲမှာ ပါဝင် ဆောင်ရွက်ရန် မလိုဘူး”လို့ ရေးသားဖော်ပြ ထားပါတယ်။

တစ်ဘက်မှာ မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ ဒုက္ခသည် ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးဖို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆောင်ရွက်နေသလို – အခြားတစ်ဘက်မှာလည်းပဲ တစ်နေ့ထက် တစ်နေ့ တိုးပွားလာတဲ့ ဒုက္ခသည် ဦးရေတွေကို လျော့ချနိုင်ဖို့ မလေးရှား အစိုးရနဲ့ UNHCR ပူးပေါင်း ဆောင်ရွက်နေကြတယ်လို့ ဒုက္ခသည်သတင်း ရပ်ကွက်က ထွက်ပေါ်လာတာပါ။ ဒီနေရာမှာ တိုးပွားလာတဲ့ ဒုက္ခသည် ဦးရေကို လျော့ချဖို့ ဆိုတာကတော့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ များပြားစွာသော ဒုက္ခသည်အမည်ခံသူတွေဟာ တကယ်တမ်း ကြည့်မယ်ဆိုရင် ဒုက္ခသည် အစစ်အမှန် အရေအတွက်က အင်မတန်မှ နည်းပါးလွန်းပါတယ်။ အတု အယောင်နဲ့ ဟန်ဆောင် လိမ်လည် သူတွေများလာတာကို UNHCR အနေနဲ့ သတိပြုမိနေခဲ့တာလည်း ကြာပါပြီ။ ဒီပြဿနာကို အကောင်းဆုံးသော ဖြေရှင်းနည်းဟာ အစိုးရနဲ့ ပူးပေါင်းဖြေရှင်းမှ ရတော့မယ်ဆိုပြီး နားလည် လက်ခံခဲ့တာ ဖြစ်ပါ လိမ့်မယ်။ ဒါကြောင့်လည်းပဲ UNHCR နဲ့ မလေးရှား လူဝင်မှု ကြီးကြပ်ရေး အဖွဲ့တွေ လက်တွဲပြီးတော့ အော်ပရာဇီ (အထူး စီမံချက်) တွေနဲ့ ဝင်ရောက် ဖမ်းဆီးတဲ့အခါမှာ ပူးပေါင်း ဆောင်ရွက်နေ ကြတာ ဖြစ်ပါလိမ့်မယ်။

ဒီအခါမှာ မလေးရှားမှာ ရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေ အနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုပါတယ်။ မလေးရှား အစိုးရရဲ့ အဆင့် (၆) ဆင့်ပါ စီမံချက်ကို ကြံ့ကြံ့ခိုင်ပြီး ရင်မဆိုင်ရဲဘူး အလွယ်တကူ လက်လျော့ လိုက်မယ်ဆိုရင် မလေးရှား နိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေရဲ့ အလင်းရောင်ဟာ ပျောက်ကွယ် သွားမှာ ဖြစ်သလို နေဝင်ချိန် ရောက်ခဲ့ပြီလို့ ပြောလို့ရတဲ့ အခြေအနေနဲ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ မလေးရှား အစိုးရ အနေနဲ့ သံတမန်ရေးရာ အရရော UNHCR နဲ့ ဘယ် ပဋိဥာဏ် စာချူပ်ကိုမှ ချူပ်ဆိုထားခြင်း မရှိပါဘူး။ ဒါကြောင့်လည်းပဲ ဒုက္ခသည်တွေကို တရားမဝင်  နိုင်ငံတွင်း ဝင်ရောက်သူ ဆိုတဲ့ အချက်နဲ့ အချိန်မရွေး ဖမ်းဆီးပြန်ပို့နိုင်ပါတယ်။ ဒါပေမယ့်လည်း မလေးရှား နိုင်ငံရဲ့ မူဝါဒ ပေါ်လစီ ကို ခန့်မှန်းရ ခက်နေပါတယ်။ တရားဝင်အားဖြင့် သံတမန်ရေးရာအရ လက်မှတ်ရေးထိုးထားခြင်း မရှိပေမယ့် UNHCR ရုံးဟာ မြို့တော် ကွာလာလမ်ပူမှာ အခြေစိုက် ဖွင့်လှစ်ခွင့်ပေးထားတာရယ်၊ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ ၇၀ ရာခိုင် နှုန်းသော ဒုက္ခသည်တွေကို အမေရိကန်က တရားဝင် ခေါ်ယူနေတာတွေ၊ UNHCR နဲ့ တရားဝင် လက်မှတ် ရေးထိုး ထားတဲ့ သြစတြေးလျလို နိုင်ငံမျိုးက ဒုက္ခသည် (၈၀၀) ကို မလေးရှားမှာ နေထိုင်ခွင့်ပေးဖို့ နှစ်နိုင်ငံ သဘောတူညီချက် ရယူကြတာတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ မလေးရှား အစိုးရရဲ့ မြုပ်ကွက်တွေပါ။

မလေးရှားနိုင်ငံမှာ တရားဝင်လာရောက် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့တွေရဲ့ ပျမ်းမျှ လစာအဖြစ် တစ်လကို ၈၀၀ ရင်းဂစ်ပဲ ရှိပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည် အဖြစ်နဲ့ အလုပ်လုပ်ကိုင် နေကြတဲ့  သူတွေရဲ့ လစာဟာ တစ်လကို ရင်းဂစ် ၁၁၀၀ ကနေ ၁၄၀၀ ရင်းဂစ် အထိရှိနေပါတယ်။ ဒီအချက် ကြောင့် မလေးရှားနိုင်ငံကို တရားဝင် ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အကုန်လုံး လိုလို အိုဗာစတေး အဖြစ်ခံပြီးတော့ ဒုက္ခသည် ခံယူလိုက်ကြတာလည်း ဖြစ်ပါတယ်။ နောက်တချက်က ရဲတွေ၊ Rela (ခေါ်) အရံရဲတွေနဲ့ တွေတဲ့အခါ ပါ့စ်ပို့တ် ကိုင်ဆောင်ထားသူတွေထက် ဒုက္ခသည်အဖြစ် အသိ အမှတ်ပြု စာရွက် စာတမ်း ကိုင်ဆောင်ထားသူတွေက ပိုပြီးတော့ လွတ်မြောက်မှုတွေ ရှိနေခဲ့ကြပါတယ်။ ဒါကြောင့်လည်းပဲ အများစုက ဒုက္ခသည်အဖြစ် ခံယူဖို့ စိတ်ဝင်စားလာကြတာ ပါ။

မလေးရှားနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းကြီးတွေကို တရုတ်လူမျိုးတွေရဲ့ လွှမ်းမိုးခြင်းကို ခံထားရပါပြီ။ ခုတစ်ကြိမ် နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းသော အလုပ်သမားနေရာကို မြန်မာ ဒုက္ခသည်တွေက လွှမ်းမိုးသွားမလား ဆို တာကလည်း နိုင်ငံသားတွေ အတွက် အရမ်းကို စိုးရိမ်ရတဲ့ အချက်တစ်ခုပါ။

မြန်မာဒုက္ခသည်တွေ အပါအဝင် မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင် နေကြတဲ့ အခြားသော နိုင်ငံခြားသား အတော်များများဟာလည်းပဲ မလေးရှား အစိုးရရဲ့ အဆင့် (၆) ဆင့်ပါ စီမံချက်ထဲမှာ ပါဝင် ဆောင်ရွက်မှု လုံးဝ မရှိသလောက် ဖြစ်နေတာကြောင့် မလေးရှား ပြည်ထဲရေး ဝန်ကြီး ဌာနက စိတ်ပျက်သလောက် ဖြစ်နေတာကိုလည်း နိုင်ငံပိုင် သတင်းစာတွေထဲမှာ အရိပ်အမြွက်ချ ပြောကြား ထားတာကို တွေ့နေရပါတယ်။

ဒီကနေ့ မလေးရှားနိုင်ငံရဲ့ တရားမဝင် နိုင်ငံတွင်း ဝင်ရောက်နေထိုင်သူ လူဦးရေ ခန့်မှန်းချက် ဟာ နှစ်သန်း ကျော်မျှ ရှိနေပြီးတော့ အဲဒီအထဲမှာ မြန်မာနိုင်ငံသား ငါးသိန်း အထက် ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာရဲ့ အစီရင်ခံစာ တစ်စောင်မှာ ရေးသား ဖော်ပြပါရှိပါတယ်။ ဒီလို တိုးပွားလာတဲ့ ဒုက္ခသည် အမည်ခံသူတွေကို လျော့ချဖို့ တစ်ခုတည်း သော နည်းလမ်းက မလေးရှား အစိုးရနဲ့ UNHCR တို့ ပူးပေါင်း ဆောင်ရွက်ခြင်းပါ။

နိုင်ငံရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း စီးပွားရေးကို လွှမ်းမိုးထားတဲ့ တရုတ်လူမျိုး လုပ်ငန်းရှင်တွေ အနေနဲ့ကတော့ သူတို့တွေရဲ့ လုပ်ငန်းခွင်မှာ မလေးရှား လူမျိုးအပါအဝင် အခြား လူမျိုးစုတွေကို အသုံးပြုရတာထက် မြန်မာ အလုပ်သမားတွေကို ပိုပြီး သဘော တွေ့နေတာကြောင့် အလုပ်ရှင်တွေ အနေနဲ့ အစိုးရရဲ့ ပေါ်လစီ အတိုင်း ဆောင်ရွက်သွားဖို့ ဆိုတာ တကယ်တမ်းတော့ အရမ်းလွယ်ကူတာ မဟုတ်ပါဘူး။ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာ ဒုက္ခသည်တွေဟာ ဒုက္ခသည် အမည်ခံရုံ သက်သက် မဟုတ်ဘဲ နိုင်ငံသားတွေ မလုပ်နိုင်ကြတဲ့ အောက်ခြေသိမ်း လုပ်ငန်း နယ်ပယ်စုံမှာ ဝင်ရောက် လုပ်ကိုင်နေကြပြီးတော့ နိုင်ငံရဲ့ စီးပွားရေးကို ပံ့ပိုးပေးနေကြသူတွေပါ။ ဒါတွေကို အလုပ်ရှင် အသီးသီးက လည်း သိရှိပြီးသားပါ။ ဒါကြောင့်လည်း မြန်မာဒုက္ခသည်တွေ အနေနဲ့ မလေးရှားအစိုးရရဲ့ အဆင့် (၆) ဆင့် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခြင်းမရှိပဲ ညီညီညွတ်ညွတ်နဲ့ သပိတ်မှောက်သင့်ပါတယ်။

အဲဒီလိုသာ ဖြစ်သွားခဲ့မယ်ဆိုရင် မလေးရှား နိုင်ငံရဲ့ ဒုက္ခသည်ဆိုတဲ့ လူတန်းစားတစ်ရပ်အတွက် တဆစ်ချိုး အပြောင်းအလဲတစ်ခုကို ဆောင်ကျဉ်းနိုင်မှာ ဖြစ်ပါ တယ်။ ဒုက္ခသည်တွေအနေနဲ့ UNHCR နဲ့ အဆက်အသွယ် မပြတ်ရှိနေစေဖို့၊ သက်ဆိုင်ရာ လူမျိုးစုအလိုက် ဒုက္ခသည် ကိုယ်စားပြု ရုံးတွေနဲ့ သတင်းအချက်အလက် ဖလှယ်မှုတွေ အမြဲ ရှိနေကြမယ်ဆိုရင် မလေးရှားမှာ ရောက်ရှိနေကြတဲ့ ဒုက္ခသည်တရပ်လုံးအတွက် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်စတဲ့ အခွင့်အရေးတွေပါ ယခင်က ထက် ပိုမို ရရှိလာကြပါလိမ့်မယ်။  မြန်မာ ဒုက္ခသည်တွေ အနေနဲ့ ဒီအချက်ကို အထူးသတိ ပြုစေလိုပါတယ်။

(ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် စာမျက်နှာမှ ကူးယူ ဖော်ပြပါသည်)

Posted on July 17, 2011, in ဆောင်းပါးကဏ္ဍ. Bookmark the permalink. Leave a comment.

ထင်မြင်ချက် ပေးရန်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: